Skip to main content

The Guys of Yangon,1930(Part 1)

 The Guys of Yangon,1930(Part 1) 

……………………

      အခန်း(၁)

💢💢💢💢💢💢💢💢💢💢💢💢💢

၁၉၂၇ ၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့။ နံနက် ၁၀ နာရီ။


လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက လမ်းမတော်(၁၄)လမ်းဈေးသည် ယခုလို မဟုတ်။ 


လူလူသူသူများနှင့် ရှုပ်ထွေးဆူညံနေသေးသည်။


အခုတော့ ရုတ်တရက်ကြီး ငြိမ်သက်သွား၏။

အချို့ လမ်းဘေးဈေးဆိုင်များကလည်း အလျင်အမြန်နေရာရွေ့သွားကြသလို၊ ဆိုင်ခန်းအချို့ကလည်း ဆိုင်တံခါးများကို စေ့ထားလိုက်ကြသည်။


''ပုဏ္ဍားတပည့် မရမ်းသီး နဲ့ ဘစိုး အဆော်ခံလိုက်ရတာ၊ မရမ်းသီးကတော့ မှောက်သွားပြီ၊ ဘစိုးက အပြေးမြန်လို့''


''ဒုက္ခပါပဲ..ဘယ်သူ လုပ်လိုက်တာတုန်း''


''ဘဲဥဆိုင်က မချစ်ပု သားလေ''


''ဘသိန်း လား''


''မဟုတ်ဘူး….အကြီးကောင်လေ..ဘတ်စ်ကားစပယ်ရာလိုက်တဲ့ကောင်လေး.ဖိုးတုတ်..ဖိုးတုတ်''


''ဟယ်..ဒီကောင်လေးကလည်း နောက်ပိုင်း ဇ ကလေးဆိုးဆိုးနဲ့.. ပြသနာတွေတော့ များကုန်တော့မယ်..ဒုက္ခပါပဲ''


ဈေးထဲမှ တီးတိုးအသံများနှင့်အတူ အားလုံး ၏မျက်လုံးများက ဖိုးတုတ်ထံသို့။


ကတုံးဆံတောက်ဆံပင်၊ ပိန်ပိန်ပါးပါး၊ အရပ်မြင့်မြင့်ဖြင့် ထိုလူငယ်သည် သူ့ထံ သို့ အာရုံရောက်နေသော မျက်လုံးများနှင့် တီးတိုးစကားများကို စိတ်မဝင်စား။


လမ်းပေါ်တွင် ပြန့်ကျဲနေသော ကြက်ဥများထဲမှ မကွဲသေးသော အလုံးများကို လိုက်ကောက်ကာ သေချာစီထည့်နေသည်။


သွေးအိုင်ထဲတွင် မှောက်ခုံလဲနေသော မရမ်းသီး ကို ကျော်ခွကာ ကြက်ဥဗန်းကို ယူလျက် ပုဆိုးဖြင့် သုတ်ကာ ဆိုင်အတွင်းသို့ ပြန်ဝင်သွားသည်။


လွန်ခဲ့သော မိနစ်ပိုင်းက လူတစ်ယောက်အား သံပိုက်ဖြင့် သတိလစ်အောင်ရိုက်ခဲ့သူမှ ဟုတ်ပါလေစ ဟု ထင်ရလောက် အောင် သူက တည်ငြိမ်လွန်းနေသည်။

ခဏအကြာတွင် လူငယ်တစ်ယောက် ဆိုင်ရှေ့သို့ ရောက်လာသည်။


''ကိုကြီး ဖိုးတုတ်…ဦးလေးဘိုးသင် က သူ့အိမ်ကို အခုချက်ချင်း လာခဲ့ပါတဲ့''

''အမေရော..ပြန်လာပြီလား..ဒီဆိုင် ဘယ်သူ စောင့်မှာလဲ..မင်းစောင့်မှာလား..ဘသိန်း''

''ကိုကြီးဖိုးတုတ် သတင်းကို အမေလည်း ကြားပြီးလို့ ဦးလေးဘိုးသင်ဆီ ရောက်နေပြီ..အဲ့ဒါ ဆိုင်ကို ပိတ်ပြီး ခုချက်ချင်း လိုက်လာခဲ့ပါတဲ့''


ဖိုးတုတ်က ခေါင်းငြိမ့်ပြလိုက်သည်။ ဆိုင်တံခါးကို ပိတ်၊ သော့ခတ်ပြီး.နောက် ညီဖြစ်သူ ၏ စက်ဘီးနောက်သို့ ခွတက်လိုက်သည်။

………………………………...................

ဦးဘိုးသင် သည်  ဘတ်စ်ကားပိုင်ရှင် မြန်မာလူမျိုးသူဌေးများထဲမှ တစ်ဦးဖြစ်သည်။

ဖိုးတုတ်၏ ဦးလေးတော်စပ်သည်။


သိမ်ကြီးဈေး၊ ရွှေတိဂုံဘုရား၊ ငါးထပ်ကြီး ယာဉ်လိုင်းကို ပြေးဆွဲသည့် ခြင်္သေ့တံဆိပ်ဘတ်စ်ကား (၅)စီးကို ပိုင်ဆိုင်သည်။

ဖိုးတုတ် သည် ယခင်က ဦးဘိုးသင် ၏ ခြင်္သေ့ဘတ်စ်ကားလိုင်းတွင် စပယ်ယာလိုက်ရင်း ကားမောင်းသင်သည်။


စပယ်ရာ သက်တမ်းသုံးနှစ်လောက်အတွင်းမှာပင် ဘတ်စ်ကားလောကတွင် ဖိုးတုတ်ကို မသိသူ မရှိဖြစ်ခဲ့၏။

လူက ငယ်သလို လက်ကယဉ်လွန်းသဖြင့် ထိုသုံးနှစ်အတွင်းမှာပင် လူရိုက်မှု (၆)မှု ဖြစ်ခဲ့သဖြင့် ဦးလေး ဦးဘိုးသင်မှ အကြိမ်ကြိမ်လိုက်ရှင်းခဲ့ရသည်။


ခြသေ့င်္တံဆိပ်လိုင်းဂိတ်စ ရာ နယ်မြေအပိုင်ဖြစ်သော ဗဟန်းရဲစခန်းအချုပ်သည် ဖိုးတုတ် အတွင် ဒုတိယအိမ်ဖြစ်နေခဲ့သည်။


နောက်ဆုံးတော့ ထိလွယ်ရှလွယ်သော စပယ်ယာလိုက်ခြင်းအလုပ်မှ ဖိုးတုတ်ကို နားခိုင်းလိုက်သည်။


မိခင်ဖြစ်သူ ဒေါ်ချစ်ပု နှင့် သားငယ် ဘသိန်း တို့က (၁၄)လမ်းဈေးတွင် ဈေးရောင်းသော်လည်း ဖိုးတုတ်ကမူ ဈေးရောင်းသည်ကို ဝါသနာမပါ။


ထို့ကြောင့် လမ်းမတော်ဖိုးတုတ်သည် လမ်းမတော်တဝိုက်ရှိ ဂျင်ဝိုင်းများ၊ ကြက်ဝိုင်းများတွင် ကြင်လည်သည်။

ပုဏ္ဍားဘထွန်း တည်းဟူသော လမ်းမတော်အပိုင် လူမိုက်ကြီး ၏ နယ်မြေတွင် လက်ရဲဇတ်ရဲ လူမိုက်ပေါက်စ တစ်ယောက်အဖြစ် ဖိုးတုတ် နာမည်ထွက်လာသည်။


ဒီနေ့တော့ ဖိုးတုတ် ပြသနာအကြီးကြီး ရှာခဲ့ပြီ။


''လာ..မောင်တုတ်..လာ''


''အမေ က ဘာလို့ ဆိုင်ကို မလာပဲ…ဦးလေးဆီ ရောက်နေတာလဲ..ကဲ..ဦးလေး ကျွန်တော့်ကို ခေါ်ခိုင်းတယ်ဆို''


''အေးလေ..ဒီမှာ မင်းအမေ က မင်းသတင်းကြားပြီး ငါ့ဆီ ရောက်လာလို့ကွာ..ဘယ်လိုဖြစ်တာလဲကွာ..မင်းလုပ်လိုက်တဲ့ကောင်တွေက ပုဏ္ဍားဘထွန်း လူတွေဆို''


''ဟုတ်တယ်..ဦးလေး...စောစောစီးစီး ကျွန်တော့်တို့ ဆိုင်ရှေ့လာပြီး မိုက်ကြေးခွဲနေတာနဲ့..ထလုပ်ထည့်လိုက်တာပဲ'' 


''မင်းကွယ်..ဒီလူတွေအကြောင်းလည်း သိရဲ့သားနဲ့….''


ဒေါ်ချစ်ပု စကားကြောင့် ဖိုးတုတ် သက်ပြင်းချသည်။


''ကဲ..ချစ်ပု..ညည်းလည်း စိတ်ချလက်ချအိမ်ပြန်တော့..ဒီည ဖိုးတုတ်ကို ငါ့အိမ်မှာ သိပ်လိုက်မယ်..ဒီပြသနာကို ငါရှင်းပေးမယ်..နင်ဘာမှ ပူမနေနဲ့..မနက်ဖြန်လည်း ဆိုင်ခဏနားဦး''


''ဟုတ်ကဲ့ပါ…အကိုရယ်..ကျွန်မမှာလည်း စိတ်ညစ်ပါတယ်..သားကြီးမို့လို့ အားကိုးရမလားမှတ်တယ်..ဒီနေ့ ဆိုင်လေးတစ်ခါလောက် စောင့်ခိုင်း..ဒီနေ့ ဒီလိုပြသနာဖြစ်တယ်…ပုဏ္ဍားလူတွေက ပြသနာရှာလာရင် နောက်နေ့ ဘယ်လို ဈေးရောင်းရမှာလဲ''


ခေါင်းငုံ့ထားသော ဖိုးတုတ်က သူ့အမေ စကားကြောင့် ဆတ်ခနဲ ခေါင်းမော့လာသည်။


''အမေက..ဒီကောင်တွေကို ဘာကြောက်နေတာလဲ..ကျွန်တော် ရှိတယ်..အမေ..မနက်ဖြန် ဈေးဆက်ရောင်း..အမေ့ကို ဘယ်ကောင်လာလုပ်ရဲမလဲ…ကျွန်တော်ကြည့်မယ်''


''ဖိုးတုတ် နင်ဟာလေ..တကယ့် ဗြမ္မာဦးခေါင်းပဲ..ငါ..တယ်''


''ကဲ…ချစ်ပု..နင်ပြန်တော့ဆို..ဘသိန်း မင်းအမေကို ခေါ်သွားတော့..(၁၄)လမ်းဘက်တော့ ခြေဦးမလှည့်နဲ့ဦးနော်..ငါဒီမှာ ဖိုးတုတ်ကို ဆုံးမစရာရှိတာ ဆုံးမထားမယ်..နင်တို့သွားကြတော့''


ဘသိန်းက သူ့အမေကို အတင်းဆွဲပြီး စက်ဘီးပေါ်တင်ကာ နင်းထွက်သွားသည်။

ဦးဘိုးသင် က ဖိုးတုတ် ၏ ပုခုံးကို လက်ဖြင့် ပုတ်လိုက်သည်။


''မင်း..စိတ်လှုပ်ရှားနေတာတွေ ငြိမ်သွားအောင်..ဝီစကီသောက်မလား..ဖိုးတုတ်''


ဖိုးတုတ်က ခေါင်းငြိမ့်ပြလိုက်သည်။


''ကဲလာ…ဒါဆို ထမင်းစားခန်းထဲ လိုက်ခဲ..မင်းသတင်းကြားကတည်းက ငါ အထဲမှာ ဝိုင်းပြင်ထားတယ်''


ထမင်းစားခန်းထဲ ဝင်သွားသည်နှင့် စကော့ဝီစကီတစ်လုံးနှင့် ဖန်ခွက်များက အဆင်သင့်။

ငါးရံခြောက်ဖုတ် နှင့် ဟင်းချိုတစ်ခွက်လည်း ရှိနေသည်။

ဦးဘိုးသင် နှင့် ဖိုးတုတ်တို့ စားပွဲတွင် ဝင်ထိုင်လိုက်ကြသည်။ ဦးဘိုးသင်က ဝီစကီပုလင်းအဖုံးကို ကျင်လည်စွာ ဖွင့်ပြီး ဖန်ခွက်နှစ်ခွက်ထဲသို့ အရက်ငှဲ့ထည့်လိုက်သည်။


''ဒါနဲ့ ကျွန်တော်စိတ်လှုပ်ရှားနေတယ်ဆိုတာကို ဘယ်လိုလုပ်သိတာလဲ..ဦးလေး''


''သိတာပေါ့ကွာ..မင်းချာတိတ်ဘ၀ ရိုက်ပွဲတွေ အားလုံး ငါလိုက်ဖြေရှင်းခဲ့ရတာပဲ..မင်း ဒီလောက် သွေးအေးတဲ့ ပုံစံ ဖမ်းနေတာဆိုရင်တော့ မင်း တကယ် စိတ်လှုပ်ရှားနေတယ်ဆိုတာ ငါခန့်မှန်းမိပါတယ်…အေးလေ..ဒီတစ်ခါ မင်းလုပ်ခဲ့တဲ့ ကောင်တွေက..အရင်ကောင်တွေနဲ့မှ မတူဘဲ''


ဖိုးတုတ်က ဝီစကီခွက်ထဲသို့ ရေခဲတစ်တုံး ကို ညှပ်ဖြင့် ခပ်ထည့်လိုက်သည်။

ဦးဘိုးသင် ကမ်းပေးသော ရေခရားထဲမှ ရေကို ငှဲ့ကာ စပ်လိုက်ပြီး တစ်ဘရိတ်တည်း မော့ချပစ်လိုက်သည်။


''ဟုတ်တယ်..ဦးလေး…ကျွန်တော်ဒီတစ်ခါတော့ တကယ် စိတ်လှုပ်ရှားတယ်။ သူတို့ ဆိုင်ရှေ့လာပြီး ပေစောင်းစောင်းလုပ်နေကတည်းက ပုဏ္ဍားဘထွန်း လူတွေမှန်းသိတယ်။ ကျွန်တော် သည်းညည်းခံဖို့ ကြိုးစားသေးတယ်။ ဒါပေမယ့်..ဦးလေးရာ..ကျွန်တော့်အမေ မုဆိုးမကြီး တပင်တပန်းဈေးရောင်းတဲ့ထဲက ငွေကို အစိုးရကို အခွန်ပေးရတာထားပါတော့..ဒီကောင်တွေကို ဘာလို့ ပေးရမှာလဲဗျ..ကြက်ဝိုင်းတွေ၊ ဘိန်းခန်းတွေ၊ ဖာတန်းတွေ မို့ ပေးရတယ်ဆို ထားပါတော့..အခုဟာကဗျာ….အဲ့ဒါကို ကျွန်တော် မခံချင်တာနဲ့''


''ဟုတ်ပြီ..ဖိုးတုတ်..ဟုတ်ပြီ..မင်းစိတ်ကို ငါသိတယ်…ဒါပေမယ့် မင်းလည်း သိသားပဲကွာ..ရန်ကုန်မြို့မှာ ဒီကောင်တွေနဲ့ ဘယ်လိုကင်းအောင်နေမလဲ..မင်း စပယ်ရာလိုက်နေတဲ့ကာလတုန်းကလည်း ငါ့ဘတ်စ်တွေ ဘေးကင်းဖို့ မန်မဆာ့လူတွေကို ဆက်ကြေးပေးခဲ့ရတာပဲကွ''


''ကျွန်တော် သိတယ်..ဦးလေး..အဲ့ဒီတုန်းကလည်း ဦးလေးက မန်မဆာကို အရမ်းကြောက်ပြီး ကျွန်တော်တို့ကို တားထားလို့သာ..ကျွန်တော်တို့''


''ခဏနေဦး..ဖိုးတုတ်..ခဏနေဦး..မင်း ပြောတာက ဘာ..ငါက မန်မဆာကို ကြောက်တယ် ဟုတ်လား..ဒီမှာ..မင်းလည်း ပဲခူး ကမာစဲသား၊ ငါလည်း ပဲခူး ကမာစဲသားကွ ။ ကမာစဲသားတွေ ဘယ်တော့မှ သွေးမကြောင်ဘူး။ အေး..မန်မဆာ ကို မထိဖို့ အဲ့ဒီတုန်းက မင်းတို့ကို ငါဘာလို့ တားလဲသိလား။ ငါတို့က မနေ့တစ်နေ့ကမှ ရန်ကုန်မြို့ကို တက်လာတဲ့ တောသားတွေကွ။ ဒီကုလားတွေ က ရန်ကုန်ကို သူတို့ အင်ပါယာ တည်ဆောက်ထားတာ ကြာလှပြီ။ မန်မဆာ နဲ့ ငြိလို့ ငါ တို့ နိုင်ချင်နိုင်မယ်။ မန်မဆာ ဘက်ကနေ မက်စတီးခန်း ပါလာပြီဆိုရင်တော့ ငါတို့တွေအတွက် ဒီရန်ကုန်က သင်္ချိုင်းဖြစ်သွားလိမ့်မယ်.. ''


''ဟုတ်ပြီ..ဦးလေးရဲ့..အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ က သူတို့ကို တသက်လုံး ကြောက်နေရတော့မှာလား..သူတို့ တောင်းသမျှပေးရတော့မှာလား..ဟော့ဒီ လမ်းမတော်သံဈေးတစ်ကြောမှာလည်း ကျွန်တော့်လူတွေ ရှိနေပါပြီ''


''ဟုတ်တယ်..ဖိုးတုတ်..ဟုတ်တယ်..ငါပြောချင်တာ..အဲ့ဒါ..ငါတို့ ဒီကောင်တွေကို တသက်လုံး ကြောက်နေဖို့ မလိုဘူး..အခုဆို မင်းမှာလည်း နောက်လိုက်နောက်ပါနည်းနည်းရှိနေပြီ။ ငါ့ဆီမှာလည်း ဘတ်စ်ကားလိုင်းက နည်းနည်းဇရှိတဲ့ ချာတိတ်တွေ မွေးထားတယ်။ ဒါပေမယ့် ငါတို့ အင်အားက သူတို့နဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးဘူး''


''အဲ့ဒီတော့..ကျွန်တော်က ဘာလုပ်ရမှာလဲ..ဦးလေး''


''ငါတို့ ဉာဏ်သုံးရမယ်…ပရိယာယ်သုံးရမယ်..ဖိုးတုတ်''

''ဘယ်လို ဉာဏ်သုံးရမှာလဲ''


''အေး..မိုက်တယ်ဆိုတာ ဉာဏ်နဲ့ ယှဉ်ပြီးမိုက်တာ ဘေးအကင်းဆုံးပဲ..ငါ့တူရ.. ငါက လူမိုက်ဗိုလ် လုပ်ချင်တဲ့ သူတော့မဟုတ်ပါဘူး..ဒါပေမယ့် ငါ့ဆီမှာ လူမိုက်ဗိုလ်ဖြစ်လာနိုင်မယ့် မင်းအတွက် အကြံကောင်းတွေရှိတယ်..အဲ့ဒါတွေ မင်းကို ပေးမယ်…ဒီအကြံအကောင်ထည်ဖော်ပြီးရင်တော့ ပုဏ္ဍားဘထွန်းရဲ့ လမ်းမတော်ကနေ ဖိုးတုတ်ရဲ့ လမ်းမတော် ဖြစ်သွားပြီးပေါ့ကွာ''


''ကျွန်တော် ဘာလုပ်ရမလဲ''


''မင်း မာမွတ် ကို တက်ဖြုတ်ရမယ်''


"ဗျာ..ဘယ်သူ"


''ဟုတ်တယ်..ဘားလမ်းမာမွတ် ကို ပြောတာ…မာမွတ် က မတ်စတီးခန်းရဲ အားအကိုးရဆုံး လူမိုက်ပဲ။ မတ်စတီးခန်း လူမိုက်ဗိုလ်မခံခင်ကတည်းက မာမွတ်က လူမိုက်ပဲ။ မတ်စတီးခန်း က ငွေအားကောင်းကောင်းနဲ့ သိမ်းသွင်းခဲ့တာ။ မတ်စတီးခန်းဆိုတဲ့ကောင်က  စီးပွားရေးသမား၊ ပိုက်ဆံသာရှိတာ ကိုယ်တိုင်မမိုက်ရဲဘူးကွ။ ဒါကြောင့် သူအားအကိုးဆုံး မာမွတ်ကို မင်းဖြုတ်ရမယ်''


''ကျွန်တော်နဲ့ ဖြစ်တာ ပုဏ္ဍားဘထွန်းလေဗျာ..ဘာကိစ္စ..မာမွတ်ကို သွားလုပ်ရမှာလဲ''


''ဒီမှာ ဖိုးတုတ်… မတ်စတီးခန်းနဲ့ ပုဏ္ဍားဘထွန်း အခြေအနေက အခုအချိန်မှာ မသိမသာအားပြိုင်နေကြတာ။ ဒါပေမယ့် ဘယ်လို ပြိုင်ပြိုင် မတ်စတီးခန်းက နိုင်ငံရေးပါဝါရော၊ ငွေအားရော၊ လူမိုက်အားပါ ပုဏ္ဍားထက် အများကြီးသာတယ်။ ပုဏ္ဍားတို့ ဟိန္ဒူအုပ်စု ဟာ မတ်စတီးခန်းတို့ မွတ်ဆလင်အုပ်စုကို ဖြုတ်ပြီး ရန်ကုန်ကို စိုးမိုးမယ်လို့ မတ်စတီးခန်းက သံသယဝင်နေတယ်။ အဲ့ဒါ ငါသိထားတဲ့ သတင်းပဲ''


''ဟုတ်ပြီ..ဦးလေး..ကျွန်တော်သဘောပေါက်ပြီ…ကျွန်တော်က မတ်စတီးခန်းလူ မာမွတ်ကို ဝင်ဖြုတ်မယ်။ လမ်းမတော်ဘက်ကဆိုတော့ ပုဏ္ဍားလူလို့ မက်စတီးခမ်းက ထင်မှာပဲ။ အဲ့ဒီအခါ မက်စတီးခမ်းနဲ့ ပုဏ္ဍား ငြိကြမယ်…အဲ့ဒီလိုလား''


''အင်း..ငြိချင်လည်း ငြိမယ်..မငြိချင်လည်း မငြိဘူးပေါ့ကွာ..ဒါပေမယ့်..သေချာတာတော့ လောလောဆယ်..မာမွတ် ထိထားရင် ပုဏ္ဍားလည်း သူလုပ်တာမဟုတ်ကြောင်း ဖြေရှင်းနေရတာနဲ့တင် မင်းဘက်ကို လှည့်လာဖို့ သတိရမှာမဟုတ်ဘူး။ အဲ့ဒီအချိန်မှာ မင်း က ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်နေလို့ ရတယ်။ အရေးကြီးတာက မာမွတ်ကို မင်းလုပ်တာမှန်း လောလောဆယ် ဘယ်သူမှ မသိစေဖို့ပဲကွ''


ဖိုးတုတ်က ပြုံးလိုက်သည်။


''သိသွားတော့လည်း ဘာအရေးလဲ..ဦးလေးရာ''

ဖိုးတုတ် က လေးခွက်မြောက်ဖြစ်သော ဝီစကီကို မော့ချလိုက်သည်။

.........


 အခန်း(၂)

 ………………..


လှပခန့်ညားလှသော မြင်းနှစ်ကောင်ဆွဲ ဒေါက်ကပ်ရထားကြီးက ပန်းဆိုးတန်းလမ်းတွင်းသို့ ကြွကြွရွရွ ဝင်ရောက်လာသည်။


မြင်းရထားကို မောင်းသောသူမှာ အိန္ဒိယမှ မဟာရာဂျာစော်ဘွားကြီးတစ်ယောက်နီးပါး ခမ်းနားစွာ ဝတ်ဆင်ထား၏။

ရထားမောင်းသမားပင် ထိုမျှ ခမ်းနားစွာ ဝတ်ဆင်လာလျှင် ရထားပေါ်တွင် ပါလာသူသည် မည်မျှ ခမ်းနားလိုက်မည်နည်းဟု လူတိုင်းက တွေးနေကြသည်။


ပန်းဆိုးတန်း၊ ဒေါက်တာချန်ဒရာဆင်း ၏ ဆေးခန်းရှေ့အရောက်တွင် မြင်းရထားက ရပ်သွား၏။


ရှေးဦးစွာ ရထားပေါ်မှ ပန်ချာပီခေါင်းပေါင်းဝတ်ထားပြီး နှုတ်ခမ်းမွှေးကော့ကော့ကြီးများနှင့် လူကြီးနှစ်ယောက် ဆင်းလာသည်။


ထို့နောက်တွင်မှ ရွှေအစစ်တို့ကွပ်ထားသော သက္ကလပ်ဦးထုတ် နှင့် ဥရောပဝတ်စုံကို ဝတ်ထားသော သူတစ်ဦး ဆင်းလာလေသည်။


သူကား ရန်ကုန်မြို့ ဒုစရိုက်လောက၏ ဘုရင် မတ်စတီးခန်း။


မတ်စတီးခန်းသည် စတီးဘရားသားကုမ္ပဏီနှင့် ဖက်စပ်အဝယ်တော်အဖြစ် လုပ်ကိုင်ရာမှ ချမ်းသာလာသူဖြစ်သည်။

စပါးသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွင် အဓိကကျသည့် လိုင်စင်များကို နည်းမျိုးစုံဖြင့် ရယူထားနိုင်ခဲ့သည်။


ဘုံဘေမှ အိန္ဒိယလူမိုက်ဂိုဏ်းများနှင့် ဆက်သွယ်ပြီး အိန္ဒိယမှ မြန်မာပြည်အတွင်းသို့ အလုပ်သမားများ ပို့ဆောင်ပေးသည့်ဈေးကွက်ကို လုပ်ကိုင်လာခဲ့သည်။

မြန်မာပြည်၏ အိန္ဒိယအလုပ်သမားဈေးကွက်ကို ချယ်လှယ်နိုင်ခဲ့သူဖြစ်သည်။


ကမာရွတ်တွင် သူ့ပိုင် မတ်စတီးဈေးကြီးကို ထူထောင်သည်။ ကြည့်မြင့်တိုင် စူရတီဘဇားဈေးကြီးတွင် အစုရှယ်ယာများပိုင်ဆိုင်သည်။


မတ်စတီးခန်းသည် သူ၏ စီးပွားရေးအင်ပါယာကို ရန်ကုန်မြို့တွင်း ချဲ့ထွင်လာရမှ သူ့စီးပွားရေးများကို ကာကွယ်ရန် လူမိုက်များကို ငွေအားဖြင့် လက်သပ်မွေးလာရသည်။


လူမိုက်လောကသာမက အစိုးရအသိုင်းအဝိုင်းနှင့်ပါရင်းနှီးပြီး အထူးသဖြင့် ပုလိပ်မင်းကြီး မစ္စတာရှပ်တဲဝပ် နှင့် ရင်းနှီးမှုရှိသဖြင့် လူမိုက်လောက သည် သူ့အား ပြန်လည်မှီခိုလာရသည်။


မက်စတီးခန်း လူမိုက်လောကသို့ မဝင်ခင်က မကျီးသီးဂိုဏ်းခေါ် (Meshidi Gang) ကုလားလူမိုက်ဂိုဏ်းမှာ ရန်ကုန် အရှေ့ပိုင်းတစ်ခွင် ဘုန်းတန်ခိုးထွန်းတောက်ခဲ့သည်။

မကြာမီ သော်မဆင်လမ်းမှ ရထားလုံးသူဌေး မန်မဆာ၏ (Manmasa Gang)မန်မဆာဂိုဏ်းလည်း အရှေ့ပိုင်းတွင် အင်အားကြီးလာပြီး ရန်ကုန်မြို့တွင် မကျီးသီးဂိုဏ်း နှင့် မန်မဆာဂိုဏ်တို့၏ စစ်ပွဲကြီး ပေါ်ပေါက်ခဲ့သည်။


ထိုစစ်ပွဲတွင် မတ်စတီးခန်းက သူနှင့် ဘာသာတူ မန်မဆာဂိုဏ်းဘက်မှ ပါဝင်ကူညီသည်။ ငွေအား လူအားတင်မက ပုလိပ်အဖွဲ့ကိုပါ ခါးပိုက်ဆောင်ထားသော မက်စတီးခန်း၏ အခန်းကဏ္ဍက မန်မဆာဂိုဏ်းအတွက် အလွန်အရေးပါခဲ့သည်။


ရန်ကုန်မြို့အရှေ့ပိုင်းတွင် သွေချောင်းစီးခဲ့သော ဂိုဏ်းနှစ်ဂိုဏ်း၏ တိုက်ပွဲများအပြီးတွင် ဟိန္ဒူဂိုဏ်းဖြစ်သော မကျီးသီးဂိုဏ်းအရေးနိမ့်ကာ ပျောက်ကွယ်သွားခဲ့ရသည်။

ထိုအချိန်မှစပြီး မတ်စတီးခန်းသည်  ရန်ကုန်မြို့၏ သြဇာအကြီးမားဆုံး လူမိုက်ခေါင်းဆောင် သူဌေးကြီး  ဖြစ်လာခဲ့လေသည်။


အင်္ဂလိပ်တို့၏ စစ်ကဲဖြစ်ခဲ့ဖူးပြီး အင်္ဂလိပ်တို့ကိုယ်တိုင် မှည့်ခေါ်ခဲ့သည့် စတင်းမောင်ထော်လေးလမ်းသည်ပင် မတ်စတီးခန်း နေထိုင်ရာလမ်းဖြစ်သဖြင့် မတ်စတီးလမ်း ဟု ခေါ်ရသည် အထိ အရှိန်အဝါတောက်ပလှသည်။

ရွှေအစစ်များချထားသည့် ဦးထုတ်ကို ဆောင်းလျက် ခမ်းနားစွာဝတ်ဆင်လာသော ဂိုဏ်းစတားသူဌေးကြီး မက်စတီးခန်းသည် ဒေါက်တာချန်ဒရာဆင်း ဆေးခန်းအတွင်းသို့ ဝင်လာသည်။


ဆေးခန်းအတွင်းတွင် သူ၏ အားအကိုးရဆုံး လက်ရုံးတပည့်ဖြစ်သူ မာမွတ် ရှိနေသည်။

ယနေ့မနက် ဝေလီဝေလင်းအချိန်တွင် မယားငယ်အိမ်မှ ထပြန်လာသော လူမိုက်မာမွတ် ကို ဒါလဟိုဇီလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် လူငယ်နှစ်ဦးမှ သံခေါင်းမူလီတပ် တုတ်များဖြင့် ဝိုင်းရိုက်ကြသည်။

ပန်းဆိုးတန်းနှင့် မဂိုလမ်းကြားနယ်မြေတစ်လျှောက် အပိုင်စားတော်မူပြီး လူမိုက်အချင်းချင်းပင် ကြောက်ရွံရသော မာမွတ် မှာ သွေးသံတရဲရဲဖြင့် မြောင်းထဲတွင် ကျန်ရစ်ခဲ့ရသည်။


မနက်ခင်း အစောထွက်လာသော ဓာတ်ရထားမှ ဆင်းလာသူအချို့တွေ့သဖြင့်သာ မာမွတ်သွေးထွက်လွန် မသေခြင်းပင်။

ထိုကိစ္စကို ဆေးရုံသို့ ပို့မည်ဆိုသော်လည်း မတ်စတီးခန်းအမိန့်ကြောင့် ဒေါက်တာချန်ဒရာဆင်း ဆေးခန်းတွင်သာ တင်ထားခဲ့ရသည်။


ပုလိပ်ဘက်မှလည်း မက်စတီးခန်းလူ ကိစ္စဖြစ်နေသဖြင့် စကားတစ်ခွန်းမဟရဲ။


ဒေါက်တာချန်ဒရာဆင်း၏ ဆေးခန်းတစ်ခုလုံးကို မာမွတ်၏ လူတွေက လုံခြုံရေးအပြည့်ယူထားကြသည်။


မာမွတ်က ကုတင်ပေါ်တွင် လှဲလျောင်းလျက်။

ခေါင်းတွင်လည်း ပတ်တီးအဖွေးသား။ ညာဘက်မျက်လုံးက ပိတ်နေသည်။

အပေါ်နှုတ်ခမ်းက ဖူးယောင်းနေ၏။ 

မတ်စတီးခန်း ဝင်လာသည့်အခါ မာမွတ်၏ ဇနီးနှင့် သား တို့ အပြင်သို့ ထွက်ပေးကြသည်။

မတ်စတီးခန်းက မာမွတ်၏ ကုတင်ဘေးမှ ခုံလွတ်တွင် ဝင်ထိုင်လိုက်သည်။

မာမွတ်က လှဲနေရမှာ ထပြီး ဆလံပေးရန် ကြိုးစား၏။


''ဆလံမာလေကွန်း..မာမွတ်..အိုး...တော်တော်ဆိုးဆိုးရွားရွားဖြစ်သွားတာပဲ''


မာမွတ်က ခေါင်းငြိမ့်ပြလိုက်သည်။


''မင်းကို…ဘယ်သူလုပ်သွားတာလဲ..ငါအလ္လာ့ နဲ့ တိုင်တည်ပြီး ကြိမ်တယ်..အဲ့ဒီကောင်ကို ငါတို့ ကလဲ့စား မရရအောင် ပြန်ချေမယ်…မင်းကို ဘယ်ကောင်လုပ်သွားတာလဲ''


မတ်စတီးခန်း အသံက ကျယ်လောင်သွားသဖြင့် အခန်းပြင်တွင်ထိုင်နေသော သူများပင် တုန်တက်သွားသည်။


''လမ်းမတော်သားတွေကွ..လို့..ပြော..သွား..တယ်..အ..အ''


''ဘာ..လမ်းမတော်သား..ဟုတ်လား…''


မတ်စတီးခန်း က သူ့ရွှေဦးထုတ်ကြီးကို ချွတ်ကာ ပေါင်ပေါ်တင်လိုက်သည်။

ဦးထုတ်ချွတ်လိုက်သောအခါ ခေါင်းမှချွေးများက နှစ်ပေါင်းများစွာ ဝတ်ပြုထားသဖြင့် အသားမာတက်နေသော နဖူးညိုညိုပေါ် ဆီးကျလာသည်။


မတ်စတီးခန်းက သူ့ဝတ်ထားသော ကုပ်အင်္ကျီအနက်အတွင်းမှ ရိုးတိုက်ထုတ် အကောင်းစား ပိုးလက်ကိုင်ပုဝါကို ထုတ်ကာ ချွေးစများကို တို့သုတ်လိုက်သည်။


''ဟူစိန်..ဘီလား''


အပြင်တွင် အသင့်ရပ်နေသော လူနှစ်ယောက် အခန်းတွင်းသို့ ဝင်လာသည်။


''မင်းတို့ နှစ်ယောက်..အခုပဲ လမ်းမတော်ဂတ် ကို သွား။ ဌာနအုပ် ကိုအုံးဖေ ကို ပြော။ ငါက လွှတ်လိုက်တယ်လို့။ အခုပဲ ပုလိပ်သားတစ်ယောက်ကို ပုဏ္ဍားဘထွန်းအိမ်ကို လွှတ်ပြီး မတ်စတီးခန်းက သူ့ကို တွေ့ချင်နေတယ်။ ချက်ချင်း အိမ်ကို လာခဲ့ပါလို့ သွားပြောခိုင်းလိုက်''


ဟူစိန်ဘိုင် နှင့် ဘီလားဘိုင် တို့ ထွက်သွားပြီးနောက် မတ်စတီးခန်းက မတ်တပ်ထရပ်လိုက်သည်။

သူ့အိတ်ထဲမှ ရူပီးငွေ တစ်လိပ်ထွက်လာသည်။

မာမွတ်၏ ကုတင်ပေါ်သို့ ငွေလိပ်ကို ချပေးလိုက်သည်။


''ခဏနေ ဟူစိန်ဘိုင် ပြန်လာလိမ့်မယ်။ လိုတာရှိရင် သူ့ကိုပြော။ မင်းလဲနေတုန်း မင်းနယ်မြေအတွက် စိတ်မပူနဲ့။ ဟူစိန်ဘိုင်က ခဏကိုင်ပေးထားလိမ့်မယ်။ မင်းလူတွေ ကိုလည်း အဲ့ဒါ ပြောပြလိုက်..ငါ ပြန်မယ်..မာမွတ်.. အခု လောလောဆယ် မင်းကို လုပ်တဲ့ တရားခံကို ငါရှာပြီး စီရင်ပေးမယ်..ဟုတ်ပြီလား…ဆလံမာလေးကွန်း..မာမွတ်''


မာမွတ်က ဆလံပြန်ပေးချိန်တွင် မက်စတီးခန်းက အခန်းထဲက ထွက်ခွာသွားပြီဖြစ်သည်။

………………………………………………………….


''မာမွတ်ဘိုင် ကို ကျုပ် က လုပ်စရာလား..အဘိုင်။ အဘိုင် နဲ့ ကျုပ်နဲ့ကြားမှာ အဲ့ဒီလို သံသယတွေထားတယ်နော်..အဲ့ဒါ ကောင်းတဲ့ကိစ္စမဟုတ်ဘူး..အဘိုင် ''


''ဒီမယ် မာမွတ် က ငါ့ကို သေချာပြောသွားတယ်။ အဲ့ဒီလုပ်တဲ့ကောင်တွေက လမ်းမတော်သားတွေကွ လို့ သူ့ကို ပြောသွားတယ်တဲ့။ မင်းက လမ်းမတော်ရဲ့ ဂေါ့ဖားသားဆိုကွ။ မင်းအပိုင်ထဲကလေ''


''လမ်းမတော်မှာ နောက်ပေါက်လူမိုက်တွေအများကြီးပေါ်နေတယ်..အဘိုင်..ကြည့်မြင်တိုင်ဘက်က ကြက်ကြား တို့ လည်း အခုတလောအင်အားကောင်းနေတာပဲ..နောက်ပြီး..မန်မဆာဂိုဏ်းသားတွေရော..ကြားထဲက ကျုပ်ကို ချောက်တွန်းတာ မဖြစ်နိုင်ဘူးလား''


''မင်းစကားကို ဒီမှာ ရပ်ထားလိုက်ရင် ကောင်းမယ်..ပုဏ္ဍားဘထွန်း၊ မန်မဆာနဲ့ ငါတို့က အရှေ့ပိုင်းသားညီအကိုတွေကွ။ ငါ့ညီက ဘာကိစ္စနဲ့မှ မာမွတ်ကို လုပ်စရာအကြောင်းမရှိဘူး။ ငါညီလူတွေနဲ့ ငါ့လူတွေက တသွေးတသားတည်းပဲ။ အေး..မင်းတို့ အနောက်ပိုင်းသားတွေသာ''


''အဘိုင့်ကို ကျုပ်ကိုးကွယ်တဲ့ ရာမနတ်ဘုရားနဲ့ တိုင်တည်ပြီး ကျိန်ဆိုတယ်။ မာမွတ်ဘိုင် ကိစ္စ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး အဘိုင်.. ဘာမှ မဆိုင်ဘူး''


''အေး..ဟုတ်ပြီ..ငါ အခုလောလောဆယ်တော့ ယုံပေးထားလိုက်မယ်..ဘထွန်း။ ဒါပေမယ့်.. ဒီကိစ္စ မင်းလူတွေ လက်ချက် မဟုတ်ဘူးဆိုရင် ဘယ်သူလုပ်လဲဆိုတာ မင်းသိအောင် လုပ်ပေးရမယ်။ ပြီးရင် အဲ့ဒီကောင်ကို ငါကိုယ်တိုင် အရေခွံနွှာမယ်''


ပုဏ္ဍားဘထွန်း က ဟန်မဆောင်နိုင်ပဲ ပြုံးလိုက်သည်။


''ဒါက ခင်ဗျားကိစ္စလေ..အဘိုင်..ကျုပ် လူတွေ မဟုတ်ဘူးဆိုတာ ကျုပ် အာမခံနေပြီပဲ..တရားခံ စုံစမ်းခိုင်းတာကတော့ ခင်ဗျားမလုပ်နိုင်ရင် ဂတ်တိုင်လေဗျာ။ ပုလိပ်တွေ လုပ်မှာပေါ့..ဟဟ''


ပုဏ္ဍားဘထွန်း၏ လှောင်ပြုံးနှင့် ခနဲ့စကားကြောင့်  မတ်စတီးခန့် မျက်လုံးထဲ တင်းမာမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။


''အေးပါ..ပုဏ္ဍား..ဒီနေ့ပြောခဲ့တဲ့ မင်းစကား..မင်းမှတ်ထားပါ..အဲ့ဒီစကားအတွက် မင်းတစ်ခုခု ပြန်ပေးရလိမ့်မယ်''

…………………………………………………………………

ပထမကမ္ဘာစစ်ပြီးခါစ ရန်ကုန် သည် လူဦးရေ ပိုမိုထူထပ်သိပ်သည်းလာသည်။

ပထမကမ္ဘာစစ်မဖြစ်ပွားခင်ကာလက ရန်ကုန်၏ လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ကုလားနှင့် တရုတ် များပင်ဖြစ်ပြီး ဒေသခံဗမာလူမျိုးကားလူနည်းစုဖြစ်နေလေသည်။


ယခုမူ ဗမာလူမျိုးအများစုသည် မြို့ပြင်ဖြစ်သော ရေကျော်၊ ပုဇွန်တောင်၊ ကြည့်မြင့်တိုင်၊ အလုံ၊ ကမာရွတ်တဝိုက်မှတဆင့် လမ်းမတော်အပါအဝင် ရန်ကုန်မြို့အတွင်းဘက်သို့ ဖြန့်ကျက်လာခဲ့ပြီဖြစ်သည်။


သို့သော် စီးပွားရေးလောကတွင် တရုတ်နှင့် ကုလားအများစုက စိုးမိုးထားသကဲ့သို့ ဒုစရိုက်လောကတွင်လည်း တရုတ်နှင့် ကုလားဂိုဏ်းများသာ ကြီးစိုးထား၏။


တရုတ်လျှို့ဝှက်ဂိုဏ်းများဖြစ်သော ဟုန်ပန်းအနီဂိုဏ်း နှင့် ရှန်ဟိုင်းအစိမ်းဂိုဏ်တို့မှာ နိုင်ငံတကာကို ဖြန့်ကျက်ထားသကဲ့သို့ ရန်ကုန်ကိုလည်း ခြေကုပ်ယူထားကြသည်။


အနီဂိုဏ်းမှာ မန်ချူးအစိုးရဆန့်ကျင်ရေးသမားများဖြစ်ပြီး ဂမ္ဘီရဆန်ဆန်ဖွဲ့စည်းထားသည်။

အများစုမှာ ငွေကြေးကြွယ်ဝပြီး ဂိုဏ်းဝင်အချင်းချင်း အပြန်အလှန် ကူညီကြသော စီးပွားရေးသမားများဖြစ်ပြီး တရုတ်ဖရီးမေဆင်ဂိုဏ်း ဟု သူတို့ကိုယ်သူတို့ သမုတ်ထားကြသည်။


အစိမ်းဂိုဏ်းမှာ တရားမဝင်လုပ်ငန်းများ၊ ကုန်သွယ်မှုများကို လုပ်ကိုင်ကြပြီး သူတို့အကျိုးစီးပွားကို ထိလာလျှင် ရက်စက်စွာ စီရင်တတ်ကြသည်။

တရုတ်ဂိုဏ်းအများစုကို ရန်ကုန်ပုလိပ်များက ကြောက်ရွံ့ကြသည်။


သို့သော် တရုတ်ဂိုဏ်းများမှာ အကျိုးအမြတ်များသော ကုန်သွယ်ရေးလုပ်ငန်းကြီးအများစုကို သာ စိတ်ဝင်စားတတ်ပြီး သူအခြေချသော ဒေသမှ ဒေသခံလူမျိုးများအပေါ် တိုက်ရိုက်အနိုင်ပြုကျင့်ခြင်းကို အထူးရှောင်ကြဉ်ကြသည်။


ဘိန်းခန်း၊ ပြည့်တန်ဆာခန်း ၊ အရက်ဆိုင် စသည်တို့ကို ဆက်ကြေးကောက်ခြင်း၊ စောင့်ရှောက်ပေးခြင်းတို့ အလုပ်ကို တရုတ်လျှို့ဝှက်ဂိုဏ်းများက မလုပ်တတ်ကြ။


သူတို့တွင် စီးပွားရေးအပြင် နိုင်ငံရေးရည်ရွယ်ချက်နှင့် ကြီးမားသော ကွန်ယက်အဆင့်ဆင့်ရှိသဖြင့် အလျှို့ဝှက်ဆုံး နေထိုင်ကြသည်။

သူတို့ကို လာမထိလျှင် အရာအားလုံးကို လျှစ်လျှူရှုထားတတ်ကြသည်။


ထိုအခြေအနေတွင် လူဦးရေအများဆုံးဖြစ်သော ကုလားဂိုဏ်းများ က ကြီးစိုးလာတော့သည်။

ရန်ကုန်တွင် မကျည်းသီးဂိုဏ်းလုံး၀ အရေးနိမ့်သွားပြီးသည့်နောက် မတ်စတီးခန်းမိသားစုသည် ရန်ကုန် အနောက်ပိုင်းအထိ သြဇာဖြန့်ကျက်ထားနိုင်ခဲ့သည်။

စပတ်လမ်းမှ သိမ်ကြီးဈေးအထိသည် မတ်စတီးခန်းအာဏာတည်ရာ ဒေသဖြစ်လာသည်။

အရှေ့ပိုင်းတွင်မူ မဟာမိတ်ဖြစ်သည့် မန်မဆာဂိုဏ်း ရှိနေသည်။


မန်မဆာမိသားစု သည် အပိုင်စားသည်မှာ ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးလောက ပင်ဖြစ်သည်။

မန်မဆာ မိသားစု ကို တည်ထောင်သူ မစ္စတာမန်မဆာ သည် တချိန်က ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် ရထားလုံးများနှင့် လန်ချားများ ကို ပိုင်ဆိုင်သူဖြစ်သည်။


နဂိုကပင် လက်ရဲဇတ်ရဲရှိသော မန်မဆာ သည် ရထားလုံးသမား ၊ လန်ချားသမားများထဲမှ လူဆိုးလူမိုက်များကို ရွေးချယ်ကာ မန်မဆာဂိုဏ်းကို စတင်ထူထောင်သည်။

ထို့နောက် ရန်ကုန်၏ သယ်ယူပို့ဆောင်ရေးတွင်အရေးပါလာသော ဘတ်စ်ကားလောကို ထိန်းချုပ်ရန် ကြိုးစားတော့သည်။


ဘတ်စ်ကားပိုင်ရှင်များမှာ မန်မဆာဂိုဏ်းကို လစဉ်ကြေးပေးဆောင်ခဲ့ကြရသည်။

မန်မဆာဂိုဏ်းသည် တဖြည်းဖြည်း အင်အားကြီးမားလာသည်နှင့်အမျှ ရန်ကုန်အရှေ့ပိုင်းမှ အခြား တရားမဝင် လုပ်ငန်းများကိုပါ ထိန်းချုပ်ရန် ကြိုးစားခဲ့သည်။


ထိုအခါ မူလရှိနှင့်ပြီးသား မကျည်းသီးဂိုဏ်း (ခေါ်) Meshidi တို့နှင့် ထိပ်တိုက်တွေ့ကာ သွေးချောင်းစီးတိုက်ပွဲကြီး ဆင်နွှဲခဲ့ရခြင်းပင်။

သို့သော် မက်စတီးခန်း အကူအညီကြောင့် မန်မဆာတို့ အနိုင်ရခဲ့သည်။

အနိုင်ရပြီးသော်လည်း မန်မဆာတို့မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့။


သူတို့ မျှော်မှန်းထားသလို ရန်ကုန် ကို အပြီးမသိမ်းနိုင်ခဲ့ပဲ မတ်စတီးခန်း ပေးသလောက်နယ်မြေကိုသာ ယူခဲ့ရသည်။

သို့သော် အပြန်အလှန်အားဖြင့် မတ်စတီးခန်း၏ အရှိန်အဝါဖြင့် မန်မဆာဂိုဏ်းမှာလည်း ရန်ကုန်တွင်မည်သည့် လူမိုက်ဂိုဏ်းမှ မထိရဲသော ဂိုဏ်းတစ်ခုဖြစ်လာသည်။


ပုဏ္ဍားဘထွန်း မှာ ပြိုကွဲသွားသော ဟိန္ဒူမကျည်းသီးဂိုဏ်းကို ပုန်ကန်ခဲ့သည့် ဂိုဏ်းသားဟောင်းတစ်ဦးဖြစ်သည်။

မကျည်းသီး နှင့် မန်မဆာ တို့ အရှေ့ပိုင်းတွင် စစ်ပွဲများပြင်းထန်နေချိန်တွင် လမ်းမတော်တဝိုက်ကို ပုဏ္ဍာဘထွန်းက ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့သည်။

ယခင်ဗမာလူမိုက်ဖြစ်သော သိမ်ကြီးဈေးလှဖေ ကို ဒလတစ်ဖက်ကမ်းသို့ မောင်းထုတ်ပြီး သိမ်ကြီးဈေးကို မတ်စတီးခန်းလက်သို့ ပဏ္ဍာဆက်ခဲ့ကာ လမ်းမတော်ကို အပိုင်စားယူထားခဲ့သည်မှာ ယခုအထိပင်။


ပုဏ္ဍားဘထွန်း၏ နယ်မြေကား ရန်ကုန်တစ်မြို့လုံးတွင် အဆူဖြိုးဆုံး အဆီအနှစ်များရှိသည့်နေရာဖြစ်သည်။

လမ်းမတော်သည် ရန်ကုန် ဒုစရိုက်လောကတွင် ငွေရှာလို့ အကောင်းဆုံးနေရာဖြစ်သည်။


ရွှေဒင်္ဂါးတစ်ပြား တစ်ဆယ့်ခြောက်ကျပ်ခေတ်တွင် တစ်လ တစ်ထောင်ဝင်နေသော ပုဏ္ဍားဘထွန်းသည် လက်ဖျားငွေသီးလာသည်။

ငွေ အင်အားသုံးကာ လူဝင်ဆန့်လာသည်။

ကုလားနိုင်ငံရေးသမားများနှင့် ပေါင်းသင်းလာနိုင်ပြီး တိုင်းပြုပြည်ပြုလွှတ်တော်အထိ ဝင်ဆန့်လာသည်။

ယင်းမှတဆင့် မျက်နှာဖြူအသိုင်းအဝန်းကို ပေါက်ရောက်လာနိုင်ခဲ့သည်။


ပုဏ္ဍားဘထွန်း ကား မတ်စတီးခန်း ၏ အင်ပါယာကို မသိမသာ မျက်စောင်းထိုးလာခဲ့ပြီဖြစ်သည်။

မတ်စတီးခန်းနှင့် မန်မဆာမိသားစု ကလည်း တစ တစ ခြေလှမ်းကြဲလာသော ပုဏ္ဍားဘထွန်း ကို စောင့်ကြည့်နေကြသည်။


ထိုအခြေအနေတွင် မာမွတ်ကိစ္စ ပေါ်လာခြင်းပင်။

တကယ်တော့ မာမွတ်သည် မတ်စတီးခန်း ၏ အရေးအပါဆုံး ခံစစ်ကြောင်းဖြစ်သည်။

အနောက်ပိုင်းသားတို့ ဝင်လာနိုင်သည့် လမ်းကြောင်းတွင် မာမွတ်က ဆီးခံနိုင်သော အင်အားစုရှိသည်။

အခုတော့ မာမွတ်မှာ သေလုမျောပါးဒဏ်ရာများနှင့် ဆေးရုံမှာ။


မတ်စတီးခန်း ကား မာမွတ် အရိုက်ခံရခြင်းမှာ ပုဏ္ဍားဘထွန်း လက်ချက်ဟု သံသယဝင်နေသည်။

ပုဏ္ဍားဘထွန်း ကလည်း သူ့ကို အပြတ်ရှင်းခြင်သဖြင့် အကြောင်းပြချက်ရှာသည်ဟု ယူဆသည်။

သို့သော်…မာမွတ်အရိုက်ခံရမှုမှာ ပုဏ္ဍားဘထွန်း အတွက် ပဟေဠိဖြစ်နေ၏။


မိမိကို ဖြိုချင်ရုံဖြင့် သူတို့ မိသားစုနှစ်စု၏ အဓိက ရှေ့တန်းခံစစ်ဖြစ်သော မာမွတ်ကိုတော့ ထိုးမကြွေးတန်ရာ။


သည်လိုဆို..မာမွတ်ကို မည်သူ ရိုက်သနည်း။


မာမွတ်အရိုက်ခံရပြီးနောက်ပိုင်း အရှေ့ပိုင်းရန်ကုန် နှင့် အနောက်ပိုင်းရန်ကုန် ၏ လူမိုက်အဖွဲ့များအကြား ဆက်ဆံရေးသည် အေးစက်နေခဲ့သည်။


ထိုအေးစက်နေသော ဆက်ဆံရေးသည် အထိမခံသည့်အခြေအနေက တစ်စုံတစ်ရာ အကြီးအကျယ် ပေါက်ကွဲထွက်တော့မည့် အတိတ်နိမိတ်နှယ်။

ထိုအခြေအနေတွင် ရန်ကုန်အနောက်ပိုင်း လမ်းမတော်တဝိုက်မှ လူငယ်များကြားထဲတွင် ဖိုးတုတ် ၏ နာမည်ကား တဖြည်းဖြည်း ကြီးလာနေပေပြီ။ 


မာမွတ်အရိုက်ခံရသည့် မနက် က ဖိုးတုတ် နှင့် သူ့ဘော်ဒါ ဂန္ဒမာသောင်းရီ ကို ဒါလဟိုဇီလမ်းထိပ် ရှိ လန်ချားပေါ်သို့ တက်သွားသည်ကို မြင်လိုက်သည့် သူအချို့ရှိနေသည်။


လမ်းမတော်သည် ဆိပ်ကမ်းပေါင်းများစွာ ရှိသည့်အပြင် ရန်ကုန်မြို့တွင်းသို့ ဝင်ရာတွင် အနီးဆုံးရှိသည့် အတွက် လူတန်းစားပေါင်းစုံ မှီခိုရာဖြစ်သည်။


တရုတ်လူမျိုးတို့၏ ဘိန်းခန်းများ၊ ဂျပန်ပြည့်တန်ဆာများပင် ထားရှိသည့် ပြည့်တန်ဆာခန်းများ၊ ပျော်ပွဲစားရုံများ၊ အရက်ပုန်းဆိုင်များ ဖြင့် ပြည့်နှက်နေသည်။

ထိုနေရာများကို မှီခိုလျက်ရှိသော ပျံကျသမားများ၊ ခြေသလုံးအိမ်တိုင်သမား လူငယ်များ သည် ညအခါတွင် လမ်းမတော်ရပ်ကွက်အတွင်း ပြည့်နှက်နေကြ၏။


ထိုလူငယ်များအားလုံးသည် လူမိုက်ဂိုဏ်းများနှင့် တစ်နည်းနည်းဖြင့် ပတ်သက်နေကြသူများပင်။ အထူးသဖြင့် ဗမာလူငယ်များသည် လူမျိုးခြားလူမိုက်ဂိုဏ်းများကို စိတ်ကုန်နေကြသည်။


နိုင်ငံရေးအခြေအနေကလည်း YMBA အဖွဲ့ကြီး၏ ဝံသာနုလှုပ်ရှားမှုများ ခေတ်ကောင်းနေချိန်ဖြစ်သဖြင့် ထိုရိုက်ခတ်မှုက လူငယ်များ၊ လူမိုက်များ လောကအထိ ရိုက်ခတ်လာသည်။


လူမိုက်လောကတွင်လည်း ကုလားဂိုဏ်းများကို ဖြိုနိုင်မည့် ဗမာလူမိုက်ဂိုဏ်းတစ်ခုကို မျှော်လင့်နေခဲ့ကြသည်။


Crd -

          ခက်ဇော်🌿🌿🌿

Comments