The Guys of Yangon,1930 Part (2)
……………………
အခန်း(၃)
💢💢💢💢💢💢💢💢💢💢💢💢💢
''ကိုဖိုးတုတ်..ကျွန်တော့်ကို ဘကြီးဘိုးသင် လွှတ်လိုက်တာပါ''
''အေး..ငါ မနက်က ဦးလေးဆီက စာရတယ်..ဒါနဲ့ မင်း နာမည် ဘယ်လိုခေါ်လဲ''
''စံဘ ပါ''
''ဟုတ်ပြီ..ထိုင်ကွာ''
အသားကမဲမဲ။ လူကောင်က သေးညှက်ညှက်။ သျှောင်ပေစူးပင် မဖြုတ်ရသေး။
ထိုဆယ်ကျော်သက် လူငယ်က ဖိုးတုတ်တို့ စားပွဲတွင် ဝင်ထိုင်သည်။
''ကဲ..စံဘ..မေးပါရစေဦးကွာ…မင်းဘာလို့ လူသတ်ခဲ့တာတုန်း''
''ကျွန်တော့် နွားကို.လေးခွနဲ့ ပစ်ထည့်တာ မျက်လုံးမှန်သွားတယ်ဗျ…ပထမတစ်ခါကလည်း ကျွန်တော့် ကို ဒီကောင်လေးခွ နဲ့ ချိန်ပြီး ဆဲသေးတယ်..ဒီတစ်ခါတော့ မရတော့ဘူးဆိုပြီး… ဓါးမနဲ့ဝင် ပိုင်းထည့်တာ..ဇတ်ကို ပြတ်ရောဗျ''
''အေး..ကြိုက်ပြီကွာ..စံဘ..ဟုတ်ပြီ..စံဘ။ မင်းက ငါနဲ့ တစ်ရွာတည်းသားဆွေမျိုးတွေဆိုတော့ ငါ့မှာ မင်းကို ကူညီရမှာပေါ့။ ညီအကိုအရင်းလိုပဲ မှတ်ပါတယ်ကွာ ။ ပုလိပ်ကိစ္စနဲ့ပတ်သက်လို့ကတော့ ဒီနယ်မြေထဲ ငါတတ်နိုင်သလောက်တော့ ရှင်းလင်းပေးထားမယ်..ဟုတ်ပြီလား… ကဲ..ဂန္ဒမာရေ…ဒီတောသားကို ဒီည ချိုင်းနားစတန်းကို လိုက်ပို့ပြီး မြို့နိဗ္ဗာန် ကို ပြပေးလိုက်ကွာ..ငါနဲ့ အုန်းဖေက ဒီည အေးရွာဘက် ကမ်းကိုကူဖို့ရှိလို့..စိတ်ချမယ်နော်''
''အေးပါ..ဖိုးတုတ်ရာ..မင်းတောသားကို ဟိုတရုတ်ဝတုတ်မလေး ချိုက်ဟုန်နဲ့ ငါ လွှတ်ပေးလိုက်မယ်''
''ဟိတ်ကောင်…ချိုက်ဟုန်တော့ မထိနဲ့ကွာ.. တောသားရဲ ဆွဲထုတ်တဲ့..ဒီကောင်နဲ့ ချိုက်ဟုန် ဆို ကလေးမ သနားဖို့ကောင်းပါတယ်ကွာ..အေး..ဒါနဲ့ အဲ့ဒီကို မဝင်ခင်..ဟိုဖာရစီ အာမက် ရဲ့ ဘိန်းခန်းကို ဝင်ပြီး ဒီလအတွက် ငွေယူခဲ့ဦး..ပြီးရင် ဘသိန်းဆီ စာရင်းနဲ့ သေချာပြန်အပ်''
''ဟုတ်ကဲ့ပါ..ဆရာဖိုးတုတ်ရယ်….ဟုတ်ကဲ့ပါ..''
ဖိုးတုတ် သည် သူ၏ နယ်မြေဧရိယာသေးသေးလေးကို တဖြည်းဖြည်းချင်း ချဲ့ထွင်လာခဲ့ပြီဖြစ်သည်။
ဂန္ဒမာသောင်းရီ၊ အုန်းဖေ၊ ငညွန့် စသော လက်ရဲဇက်ရဲလူငယ်များမှာ ဖိုးတုတ်ထံတွင် အမာခံရှိနေပြီဖြစ်သည်။
ပုဏ္ဍားကျော်ထွန်း ကဲ့သို့ နှံံ့နှံ့စပ်စပ်ရှိသည့် လူလည်လူမိုက်လေးများကလည်း ဖိုးတုတ်၏ အရိပ်အောက်ကို ခိုလှုံလာကြသည်။
ယခု ဖိုးတုတ်၏ ဇာတိ ကမာစဲကျေးရွာမှ လူသတ်ပြီး ပြေးလာခဲ့သည့် ညီဝမ်းကွဲ စံဘ သည်လည်း ဖိုးတုတ်အတွက် အင်အားဖြည့်ရန် ရောက်လာခဲ့ပြန်သည်။
လမ်းမတော်အနောက်ဘက်ခြမ်းနှင့် ကမ်းနားတဝိုက်အချို့နေရာများတွင် ပုဏ္ဍားဘထွန်း၏ ဆုတ်ခွာနေရပြီး ဖိုးတုတ်၏ လူများက တဖြည်းဖြည်း နေရာချဲ့ယူနေကြသည်။
ပုဏ္ဍားဘထွန်းမှာလည်း ဖိုးတုတ်သတင်းကို ကြားသော်လည်း မတ်စတီးခန်း နှင့် ကိစ္စကို သာ အာရုံစိုက်နေသဖြင့် ဖိုးတုတ်တို့အား ခဏတာ လာလောင်သည့် မီးညွှန့်လေးတွေအဖြစ် သာ သဘောထားသည်။
ဖိုးတုတ် ကတော့ အနာဂတ် အင်ပါယာတစ်ခုအတွက် တစ်လှမ်းချင်း ချီတက်လျက်။
…………………………………………………………………………………………
တိတ်ဆိတ်ခြင်းသည် အမှောင်ထုထဲ မင်းမူနေသည်။
ကြည့်မြင်တိုင်ဆိပ်ကမ်းတစ်လျှောက် ရန်ကုန်မြစ်ဘက်ဆီမှ ပဲချိတ်သံလေးများ က ဟိုတချက် ဒီတချက် ကြားနေရသည်။
ထီးတန်းဆိပ်ကမ်းဘက်သို့ ကပ်လာသည့် ငှက်သဗ္ဗာန်ပေါ်မှ လူနှစ်ယောက် ဆင်းလာသည်။
တစ်ဦးကား အရပ် ငါးပေ ရှစ်လက်မခန်၊ ခေါင်းတုံးဆံတောက်နှင့် ချပ်ချပ်ရပ်ရပ်။
တစ်ဦးကား တုတ်တုတ်ခိုင်ခိုင်၊ ဂင်တိုတိုဖြင့် ခေါင်းပေါင်း ပေါင်းထားသည်။
ဆိပ်ကမ်းတွင် ဆိုက်ထားသည့် သဗ္ဗာန်များ၏ အလင်းရောင်ကို လွန်လာသည်နှင့် လမ်းမဘက်ဆီတွင် မှောင်မဲနေသည်။
''နောင်ကြီးတို့ ဘယ်က ပြန်လာကြတာလဲ''
တဖက်ကမ်းမှာ ပြန်လာကြသော ထိုလူနှစ်ယောက်ကို ကားတစ်စီးဖြင့် စောင့်နေသည့် ပုလိပ်သားများထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူက လှမ်းမေးလိုက်သည်။
''သြော်..ကျွန်တော်တို့ အေးရွာဘက်က မိတ်ဆွေတစ်ယောက် မင်္ဂလာဆောင်သွားပြီ ပြန်လာတာပါ..ပုလိပ်မင်းတို့''
ခေါင်းတုံးဆံတောက်နှင့် လူက ရိုရိုသေသေ ပြန်ဖြေသည်။
ပုလိပ်သားနှစ်ယောက်က ဂင်တိုတို လူငယ်ထံသို့ တိုးကပ်သွား၏။
''ဒါနဲ့..ဖိုးတုတ် ဆိုတာ မင်းလား''
''သူမဟုတ်ဘူး..ကျုပ်''
ခေါင်းတုံးဆံတောက်နှင့် လူငယ်က ထဖြေလိုက်သည်။
''အေး..ဒါဆို မင်းကို မာမွတ်ကို ရိုက်မှုနဲ့ ဖမ်းလိုက်ပြီ''
အုန်းဖေက သူ့ခါးကြားတွင် ထိုးထားသော ဓါးမြှောင်ကို ရုတ်တရက်ထုတ်ရန် ပြင်လိုက်သည်။
''အုန်းဖေ..မလုပ်နဲ့…မလုပ်နဲ့..စိတ်အေးအေးထား''
ဖိုးတုတ် တားလိုက်သဖြင့် အုန်းဖေက က မူမပျက် ပြန်နေလိုက်သည်။
''ခင်ဗျားတို့..ဘယ်ဂါတ်ကလဲ''
''ငါတို့ ပန်းဆိုးတန်းဂတ်က''
လက်မောင်းတွင် သုံးရစ်ကပ်ထားသော ပုလိပ်က ဆာဂျင်က ဖိုးတုတ် ကို လက်ထိပ်ခတ်လိုက်သည်။
ကျန်သည့် ပုလိပ်သားနှစ်ယောက်က ဖိုးတုတ်ကို ကားပေါ် ဆွဲတင်သည်။
''အုန်းဖေ..မိုးလင်းတာနဲ့ ဦးလေးဘိုးသင် ဆီသွား၊ ပြီးရင့် ငါ့ကို ပန်းဆိုးတန်းဂတ်မှာ လာတွေ့လို့၊ ဒီကိစ္စ အမေ ဘာမှ မသိစေနဲ့။ ငါခရီးထွက်သွားတယ်လို့ ပြောထား၊ကြားလား''
ကားက ဝေါခနဲ မောင်းထွက်သွားသည်။
အုန်းဖေ လည်း လမ်းမတော်ဖက်ဆီသို့ ခပ်သုတ်သုတ်လျှောက်သွားတော့သည်။
…………………………………………………………………………………………
''ဆလံမာလေးကွန်းပါ…ဂွတ်အာဖတန်းနူး..မင်္ဂလာပါ..ကောင်ကလေး''
ဖိုးတုတ် မျက်လုံးကို အားယူဖွင့်ကြည့်လိုက်သည်။
သူ့မျက်ခွံတွေ လေးလံနေ၏။
နှာခေါင်းတွေ ယားယံနေသလို မျက်နှာ့အနှံ့လည်း နာကြင်နေသည်။
ဖိုးတုတ် အားယူပြီး မျက်လုံးကို ဖွင့်ကြည့်၏။ ဘယ်ဘက်မျက်လုံးတွင် သွေးစတို့ဖြင့် စေးကပ်နေသဖြင့် ဖွင့်မရ။
ညာဘက်မျက်လုံးကတော့ ဖြည်းဖြည်းချင်း ပွင့်လာသည်။
သူ့ရှေ့တွင် ကျွန်းကုလားထိုင်ကြီးဖြင့် ထိုင်နေသူ တစ်ယောက်။
ရွှေချထားသော သက္ကလပ်ဦးထုပ်ကို ဆောင်းထားပြီး အင်္ဂလိပ် အိုင်စီအက်စ်များ ကိုင်လေ့ရှိသည့် တုတ်ကောက် တစ်ချောင်းကို ကိုင်ထားသည်။
''ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ..ကောင်လေး.အိုင်အမ်သကင်းအော့ဖ် ရန်ဂွန်း.ငါဟာ ရန်ကုန်ရဲ့ ဘုရင်ကြီးပါ။ မတ်စတီးခန်းပါ''
''မာမွတ်ဘိုင်က ခုထိ မထနိုင်သေးလို့ မင်းအခုလို မျက်လုံးတစ်လုံးနဲ့ ငါ့ကို ဖူးမြင်ခွင့်ရတာကွ။ မာမွတ်ဘိုင်ကို ကျေးဇူးအရင်တင်လိုက်။ ပြီးရင်တော့ မင်း အလ္လာ့ကို ကျေးဇူးတင်။ ဘာလို့လဲဆိုတော့ မင်းဟာ မာမွတ်ဘိုင် လို အပေါစားလူမိုက်ကောင်ရဲ့ အသတ်ကို ခံရမှာမဟုတ်ဘဲ…ဘုရင်ကြီးမတ်စတီးခန်းကိုယ်တော်တိုင် စီရင်ခြင်းကို ခံရမှာမို့ပဲ..မောင်ဖိုးတုတ်''
ဖိုးတုတ် စကားပြောရန် ပြင်လိုက်စဉ်တွင် အု အု ဟူသော အသံသာ ထွက်လာသည်။
တဆက်တည်း သူ့လည်ပင်းမှ တင်းကြပ်ကြပ် အထိအတွေ့ကို ခံစားလိုက်ရသည်။
အသက်ရှုရကြပ်နေသည်။
လည်ပင်းဆီမှ နာကြင်သော အထိအတွေ့ကိုလည်း ရေန၏။
မျက်လုံးကို အောက်ဆိုဒ်ကြည့်လိုက်သောအခါ သူ့လည်ပင်းတွင် ကြိုးကွင်းတစ်ခု စွပ်လျက်သား။
''မရုန်းနဲ့..ကောင်လေး..ဒါ..မင်းအတွက် ငါစီစဉ်ထားတဲ့ ကြိုးစင်ပဲ။ ပထမတော့ ဒီကြိုးစင်ဒေါက်ကို မာမွတ်ကို ဖြုတ်ခိုင်းမလို့ပဲ။ အခုက မာမွတ်က မင်းလက်ချက်နဲ့ မထနိုင်သေးဘူးဆိုတော့…ဟဲ..ဟဲ…ဘယ်လိုလဲ သိပ်ကြောက်သွားပြီလားကွ..လူမိုက်ကလေး''
သေရတော့မည်ဆိုသည့် အသိက ဖိုးတုတ် စိတ်တစ်ခုလုံးကို ဝုန်းဒိုင်းကြဲသွားစေသည်။
သို့သော် ဖိုးတုတ် ကား စိတ်လှုပ်ရှားလေ..အပြင်ပန်း ပိုမိုတည်ငြိမ်လေဖြစ်သည်ဟု ဦးဘိုးသင် ပြောခဲ့သည့် မှတ်ချက်အတိုင်းပင်။
တစ်လုံးတည်းသော မျက်လုံးဖြင့် မတ်စတီးခန်းကို ရှှုတည်တည် စိုက်ကြည့်နေလေသည်။
''အိုး..မင်းက အကြောက်တရားမရှိတဲ့ ရှိုက်တန်တစ်ကောင်ပဲကွ..အေးပါ..အေးပါ..ကဲ..မင်း နောက်ထပ် ကျေးဇူးတင်ရမယ့် လူတစ်ယောက် လာတာနဲ့ မင်းကို အဲ့ဒီကြိုးကွင်းကနေ ငါဖြုတ်ပေးမှာပါ..မင်းနဲ့ ငါတို့ ရှေ့ဆက်စရာတွေ အများကြီးရှိပါသေးတယ်ကွာ..ကဲ..အပြင်မှာ ကားသံကြားတယ်..ငါ့ညီ တွေ ရောက်နေပြီထင်တယ်..အိုကေ..မောင်ဖိုးတုတ်..အိုကေ''
မတ်စတီးခန်းက ရွှေဦးထုတ်ကို ဆောင်းကာ ထိုင်ခုံမှ ထပြီး အပြင်သို့ထွက်သွားသည်။
ခဏအကြာတွင် မတ်စတီးခန်း၏ သက်တော်စောင့် ဘီလားဘိုင် ဝင်လာပြီး ဖိုးတုတ်လည်ပင်းမှ ကြိုးကို ဖြုတ်ပေးသည်။
လက်တွင် ချည်ထားသော ကြိုးကိုမူ ဖြည်မပေး။
ဖိုးတုတ်ကို ပုခုံးမှဖက်ကာ ဂိုထောင်အပြင်ဘက်သို့ ခေါ်ထုတ်သွားသည်။
အပြင်ဘက်တွင် မြစ်ပြင်ကို တိုက်ခတ်လာသော လေညှင်းက ဖိုးတုတ်ကို ဆီးကြိုလိုက်သည်။
မျက်လုံးမြင်ကွင်းကျဉ်းကျဉ်း ထဲ တွင် ရန်ကုန်မြစ်ကြီးကို ဖိုးတုတ်မြင်နေရသည်။
ဒါဘယ်နေရာလဲ။
ကမ်းနားတွင် ခုန ရွှေရောင်ဦးထုတ်ကြီး တလက်လက်နှင့် မတ်စတီးခန်း က စားပွဲနှင့် ကုလားထိုင်နှင့် စမတ်ကျကျ ထိုင်နေသည်။
သူ့ဘေးတွင်တော့ အရပ်မြင့်မြင့်၊ အသားညိုညို၊ မျက်မှန်ရွှေကိုင်းဖြင့် လူလတ်ပိုင်းတစ်ယောက်။
လွတ်နေသော ထိုင်ခုံတွင် ဖိုးတုတ်ကို ထိုင်ခိုင်းလိုက်သည်။
''ကဲ..မစ္စတာဖိုးတုတ်…ဆွေးနွေးပွဲမစခင် ဘာများ သုံးဆောင်မလဲဗျ''
''ဝီစကီ ရမလား''
''ကျုပ်တို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မဟာမေဒင်တွေပါဗျာ။ အရက် မသောက်ပါဘူး။ လူကြီးမင်း သောက်ချင်ရင်တော့ ခဏနေ သျှီသျှားအိုး ရောက်လာလိမ့်မယ်။ ဒါပေမယ့် ကျုပ်တို့ သောက်ပြီး ကျန်တာကိုပဲ လူကြီးမင်း သောက်ခွင့်ရမှာပါ..ဟဲ..ဟဲ''
ဒဏ်ရာအပြည့်ဖြင့် စုတ်ပြတ်နေသည့် ဖိုးတုတ်မျက်နှာက ခံစားချက်မဲ့နေသော လူသေကောင် တစ်ကောင်ကဲ့သို့ပင်။
သေဘေးကြီးမှ သူလွတ်လာပြီမို့..မတ်စတီးခန်း၏ စကားကို သူအာရုံထဲ ဖမ်းဆုပ်မရ။
''ကဲ…အခုပဲ ကြိုးစင်ပေါ်က ဆင်းလာရတာဆိုတော့ စိတ်လှုပ်ရှားနေမှာပေါ့..စိတ်ငြိမ်သွားအောင် စီးကရက်လေး တော့ ငါ့ဘက်က တိုက်နိုင်ပါတယ်..မောင်ဖိုးတုတ်''
မတ်စတီးခန်းက ကုလားအုတ်တံဆိပ် စီးကရက် တစ်လိပ်ကို ထုတ်ပြီး ဖိုးတုတ်၏ နှုတ်ခမ်းတွင်တေ့ေပးလိုက်၏။ ပြီးနောက် စီးကရက်ဗူးကို သူ့အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။
မတ်စတီးခန်း၏ ဘေးတွင် ထိုင်နေသော လူက မီးခြစ်ဗူးအကောင်းစားထဲမှ မီးခြံဆံကို ခြစ်ကာ ဖိုးတုတ်ထံ မီးညှိ့ပေး၏။
''ဟား..ဟား..ဟား..အဘိုင်လေးဖိုးတုတ်..အဘိုင်လေးဖိုးတုတ်..မင်းက တယ်ကံကောင်းတဲ့ကောင်ပဲ…မင်းက အခု ရန်ကုန်ရဲ့ ဘုရင်ကြီး မတ်စတီးခန်း တိုက်တဲ့ စီးကရက်ကို သောက်တယ်။ အဲ့ဒီစီးကရက်ကို ရန်ကုန်ရဲ့ အတော်ဆုံးစစ်သူကြီး မစ္စတာမန်မဆာ ကိုယ်တိုင် မီးညှိပေးရတယ်။ ဟား..ဟား..ကောင်းလိုက်တာကွာ''
ဖိုးတုတ်က စီးကရက်ကို နှုတ်ခမ်း၏ ညာဘက်ထောင့်ဖြင့် ဖိထားလိုက်ပြီး
''ဟုတ်ပါပြီလေ…နောက်ထပ် ခင်ဗျားတို့ ကျုပ်သောက်တဲ့ စီးကရက်ကိုပါ မကိုင်ပေးထားချင်ရင်တော့..လက်ကို ကြိုးဖြည်ပေးဦးဗျ''
ဖိုးတုတ်၏ တုန့်ပြန်စကားကြောင့် မက်စတီးခန်း မျက်နှာက အပြုံးများ ပြန်ပြေလျော့သွားသည်။
''ဟုတ်သားပဲ…ဘီလားဘိုင်..ကြိုးဖြည်ပေးလိုက်''
ဘီလားဘိုင်က ကြိုးဖြည်ပေးလိုက်ပြီးနောက် ဖိုးတုတ်သည် နှုတ်ခမ်းဖျားမှ စီးကရက်ကို လက်ကြားတွင် ညှပ်လိုက်သည်။
''ဒီလောက်ဆို..မင်းအခု တွေ့နေတဲ့သူတွေက ဘယ်သူတွေဆိုတာ မင်းသိပြီပေါ့..မောင်ဖိုးတုတ်''
''သိပါပြီ..ဒါနဲ့ ကျုပ်ကို ဘာလို့ မသတ်ကြတာလဲ''
''ငါ့သဘောနဲ့ ငါဆို သတ်ပြီးပြီ..ဖိုးတုတ်..ဒါပေမယ့် ဟော့ဒီက ငါ့ညီအစ်ကို မစ္စတာမန်မဆာ က ငါ့ကို အကြံတစ်ခုတင်ပြလာလို့.. အဲ့ဒါ မင်းနဲ့ ငါတို့ ကြား အပေးအယူတစ်ခု လုပ်မလို့''
''ဘာ အပေးအယူလဲ''
''ငါတို့ အခု မင်းကို မသတ်ဘူး။ ပြန်လွှတ်ပေးမယ်။ မင်း လမ်းမတော်ကို သွားရမယ်။ အရင် မင်းလုပ်နေကျ အလုပ်တွေ ပြန်လုပ်ရမယ်''
''ဟုတ်ပြီလေ..ဒါဆို ကျုပ်က ခင်ဗျားကို ဘာပြန်ပေးရမလဲ..ပြော''
''ဘာမှ ပြန်မပေးနဲ့..မင်းပေးရမှာ ကတိတစ်ခုတည်းပဲ..မင်း က လမ်းမတော်မှာ နေရာတစ်ခု ရလာပြီဆိုတာ ငါတို့ သိထားတယ်..ဒီတော့ လမ်းမတော်က ပုဏ္ဍားဘထွန်းနဲ့ မင်းမကြာခင် တွေ့ရတော့မယ်ကွ..ဒီတော့ မင်းလုပ်ပေးရမှာက နှစ်ချက်ပဲ
တစ်…မင်းဟာ ပုဏ္ဍားဘထွန်း ရဲ့ အမြဲတမ်းရန်သူ ဖြစ်နေရမယ်။
နှစ်… တကယ်လို့ ပုဏ္ဍားဟာ ငါတို့ အရှေ့ပိုင်းသားတွေကို တိုက်ခိုက်ဖို့ မင်းကို လာညှိ့တဲ့အခါမျိုးမှာ မင်းက သူနဲ့ ဘယ်လိုညှိနှိုင်းမှုမျိုးမှ မလုပ်ရဘူး။ ဘယ်လိုလဲ သဘောတူလား''
ဖိုးတုတ်က စီးကရက်ကို ဖင်စီခံအထိ ရောက်အောင် တရှိုက်တည်း ရှိုက်ပစ်လိုက်ပြီး မြေပြင်သို့ ပစ်ထုတ်လိုက်သည်။
''ဟုတ်ပြီလေ..ကျုပ် သဘောတူတယ်..ဒါပေမယ့်…ကျုပ်သိချင်တာတစ်ခုရှိတယ်...မာမွတ်ကို ကျုပ် ရိုက်တဲ့ကိစ္စ ခင်ဗျားကို ဘယ်သူ သတင်းပေးတာလဲ...''
''ဒီမှာ ဖိုးတုတ်..မင်းက ရန်ကုန်မှာ မနေ့တစ်နေ့ကမှ ရောက်လာတဲ့ ချာတိတ်လေးပဲကွ..တို့လောကမှာ ဒီကိစ္စမျိုးက စည်း ရှိတယ်ကွ။ အပေးအယူတိုင်းမှာ ကတိတွေ ရှိစမြဲပဲ။ ဒီတော့ ဒီသတင်းကို သိရဖို့လည်း ငါက သတင်းပေးနဲ့ အပေးအယူလုပ်ခဲ့တာမို့..မင်းကို မဖြေပေးနိုင်တာ စိတ်မကောင်းဘူး''
''မဟုတ်ဘူးဗျာ..နာမည်ဘယ်သူဆိုတာ တိုက်ရိုက်မပြောရင်တောင်..ကျုပ်သိချင်တာက ကျုပ်တပည့်တွေထဲကလား၊ကျုပ် လူရင်းထဲကလားဆိုတာ သိချင်တာ.. ကျုပ် သေမှာထက် သစ္စာဖောက်ခံရမှာကိုတော့ ကြောက်တယ်ဗျ..အဲ့ဒါကြောင့်''
''အိုကေ..အိုကေ.ငါခိုင်းလိုက်တဲ့ ပုလိပ်တွေက.မင်းရဲ့ မျက်လုံးတစ်ဖက်ကို ပိတ်နေအောင် ထိုးထားမိတဲ့အတွက်ရော..မင်းမျက်နှာလေးစုတ်ပြတ်သွားတဲ့အတွက်ရော လျှော်ကြေးအဖြစ် ငါ တစ်ခုတော့ ပြောလိုက်မယ်။ မင်းတပည့်တွေ၊ မင်းလူရင်းတွေက မင်းကို သစ္စာမဖောက်ပါဘူး''
''ဟုတ်ပြီလေ..ဒီလောက်ဆို ဘယ်သူဆိုတာ ကျုပ် ဖော်ထုတ်နိုင်ပါပြီ''
''အခု ငါတို့ ပြောတဲ့ စကားတွေသည် အလ္လာ့ကို တိုင်တည်ပြီး ငါတို့ ပြောတာဖြစ်သလို..မင်းလည်း မင်းကိုးကွယ်တဲ့ ဘုရားကို တိုင်တည်ပြီး ပြောပါ''
''ဟုတ်ပြီ..ကျုပ်က ဗုဒ္ဓဘာသာဆိုတော့ ဘုရားအဆူဆူကို တိုင်တည်ပြီးပြောတယ်..ကျုပ်သဘောတူတယ်''
''အိုကေ..ဒါဆို ငါတို့ ဆွေးနွေးမှု အောင်မြင်တယ်ပေါ့..ကဲ..ဘီလားဘိုင်..ဟော့ဒီက အဘိုင်လေးကို လမ်းမတော် သူ့အိမ်ရှေ့အထိ ကျုပ်ရဲ့ မော်တော်ကားနဲ့ လိုက်ပို့လိုက်ပါကွာ''
ဘီလားဘိုင်က ဖိုးတုတ်ကို လာတွဲထူရင်း မော်တော်ကားဆီ ခေါ်သွားသည်။
မော်တော်ကားပေါ် တက်ခါနီးတွင် မတ်စတီးခန်းက လှမ်းအော်သည်။
''သြော်..မောင်ဖိုးတုတ်ရေ..မေ့သွားလို့ကွ…. မင်းနဲ့ ငါတို့နဲ့ သဘောတူထားတဲ့အထဲ မာမွတ်ဘိုင် မပါဘူးနော်..မာမွတ်ဘိုင် ပြန်ကောင်းလာလို့ မင်းကို လာသတ်ရင်တော့ ငါတို့နဲ့ မဆိုင်ဘူးနော်..ဟားဟား''
ဖိုးတုတ် က ကားတံခါးကို ဂျိုင်းခနဲ ဆွဲပိတ်လိုက်သည်။
မတ်စတီးခန်း စီးသော အမိုးဖွင့် ဇိမ်ခံကားကြီးက ငြိမ့်ညောင်းစွာ မောင်းထွက်သွား၏။
…………………………………………………………………………………………
ဖိုးတုတ် ကို မတ်စတီးခန်း၏ ကားနှင့် လာပြန်ပို့သွားသည်ဆိုသည့် သတင်းနှင့်မာမွတ် ကို ဆော်လိုက်သူမှာ ဖိုးတုတ်ဟူသော သတင်းက လမ်းမတော်တခွင်နှင့် လူမိုက်လောကတွင် တမုဟုတ်ချင်း ပြန်နှံ့သွားသည်။
ဖိုးတုတ် ကား လူမြင်ကွင်းမှ ပျောက်နေသော်လည်း ဖိုးတုတ်၏ ပါဝါကား တစ်ရစ်ချင်း မြင့်တက်လာနေသည်။
ပုဏ္ဍားဘထွန်းမှာ ထိုသတင်းကို ကြားသောအခါ ဒေါသများ တအုံအုံတနွေးနွေးထွက်လျက်ရှိသည်။
မည်သူမျှ မော်မကြည့်ရဲကြသော လူမိုက်ထိပ်သီး မာမွတ်ကို ရိုက်ပစ်လိုက်ခြင်းနှင့် မတ်စတီးခန်း၏ ကားနှင့် အိမ်တိုင်ရာရောက်လာပို့သွားသည်ဆိုသည့်အချက်တွေက ဖိုးတုတ် ကို အမြင့်တစ်နေရာသို့ တွန်းပို့နေပေပြီ။
မာမွတ်ကိစ္စတွင် ပုဏ္ဍားဘထွန်းမှာ မတ်စတီးခန်း၏ အထင်အမြင်လွဲမှုကို ခံရရုံသာမက မတ်စတီးခန်းနှင့်ပင် စကား ကတောက်ကဆဖြစ်ခဲ့ကြသေးသည်။
မာမွတ်ကို ရိုက်ခဲ့သူ ဖိုးတုတ်က အမြတ်ထွက်သွားပြီး ဘာမှ မဆိုင်သည့် မိမိက ရန်စွယ်တွေပွားလာခြင်းပင်။
ပုဏ္ဍားဘထွန်း၏ အမြတ်တော်ကား ဖိုးတုတ်အပေါ်တွင် ရှလေပြီ။
သို့သော် ဖိုးတုတ်ကို သွားမထိရဲ။ သူ့လက်ရုံးမာမွတ်ကို သေလုမျောပါးရိုက်ခဲ့သည့် ဖိုးတုတ်ကို မတ်စတီးခန်းက မည်သည့်အပေးအယူများနှင့် ပြန်လွှတ်ပေးလိုက်သည်မသိနိုင်။
ဖိုးတုတ် နှင့် မိမိ တိုက်ကြပါက မတ်စတီးခန်းသည် မည်သူ့ဘက်က ပါမည်လဲ။ စစ်ကူမည်လဲ။
ပုဏ္ဍားဘထွန်း သူ့ ဇာတာကို သူ့ဘာသာသူ ပြန်စစ်ကြည့်သည်။သူ့ပလ္လင်လှုပ်လာသည်က သေချာပြီ။
ထိုအခြေအနေတွင် ဘာမှ မလှုပ်ရှားပဲ ပိုနေမြဲ ကြားနေမြဲ နေရန် ဆုံးဖြတ်လိုက်သည်။
ပုဏ္ဍားဘထွန်း ငြိမ်နေချိန်တွင် ဖိုးတုတ် ၏ နာမည်ကျော်စရာ သတင်းတစ်ခု ကြားရပြန်၏။
ယင်းကား
''ကြည့်မြင်တိုင် စက်ဆန်းမှာ ဓါးဘသိန်းကို ဖိုးတုတ်က ငှက်ကြီးတောင် နဲ့ ဝင်ပိုင်းတာ..ဘသိန်း လက်တစ်ဖက် ထိပြီး ရေထဲ ခုန်ချပြေးသွားသတဲ့''
…………………………………………………………………………………………
ဓါးဘသိန်း။
ကမာရွတ်ရွာ အရက်ပုန်းချက်သည့် လုပ်ငန်းများနှင့် ပြည့်တန်ဆာတန်းများကို ပိုင်စိုးသူ။ ရံဖန်ရံခါ ရန်ကုန်မြို့လယ်ခေါင်တွင် လုယက်မှုများကို ဗြောင်ကျကျကျူးလွန်တတ်သူများသည် ဓါးဘသိန်း တပည့်များဖြစ်ကြသည်။ ဓါးဘသိန်း ကိုယ်တိုင်လည်း အနုကြမ်းစီးမှုတစ်ခုဖြင့် ပုလိပ်က ဝရမ်းထုတ်ထားသော လူဆိုးတစ်ယောက်။
မာမွတ်ကိစ္စဖြစ်ပြီးနောက် မတ်စတီခန်းနှင့် ပုဏ္ဍားဘထွန်းတို့ ဗျာများနေချိန်တွင် ဖိုးတုတ်သည် ရန်ကုန်တခွင်မှ ဇရှိသူ ဗမာလူမျိုး လူမိုက်လက်သစ်များ၊ လက်ဟောင်းများကို လိုက်လံစည်းရုံးနေချိန်ဖြစ်သည်။
မာမွတ်ကို ဖြိုလိုက်သူမှာ ဖိုးတုတ် နှင့် သူငယ်ချင်း ဂန္ဒာမာသောင်းရင်တို့ ဖြစ်ကြောင်း ပြောပြရင်း တစ်စုံတစ်ခု ဖြစ်လာပါက ဗမာလူမိုက်အချင်းချင်း ကြောချင်းကပ်ထားကြရန် မဟာမိတ်လိုက်ဖွဲ့ခဲ့သည်။
ကြည့်မြင်တိုင် ကြက်ကြား က ဗမာလူမျိုးမဟုတ်သော်လည်း ပုဏ္ဍားဘထွန်းနှင့်ရော မွတ်ဆလင်ဂိုဏ်းများနှင့်ပါ မတည့်သည့် လူမိုက်ဖြစ်သဖြင့် ဖိုးတုတ် ၏ ညှိနှိုင်းမှုကို လက်ခံလိုက်သည်။
ဓါးဘသိန်း ကမူ .. သူ့ဆရာဖြစ်ခဲ့သော သိမ်ကြီးဈေးလှဖေ က လက်ခံမှ သူလက်ခံမည် ဟု စကားပြန်သည်။
ထို့အတွက် ဖိုးတုတ် မှာ သိမ်ကြီးဈေးလှဖေ ခိုအောင်းရာ ကြည်မြင့်တိုင်တစ်ဖက်ကမ်း အေးရွာသို့ ကူးပြီး လှဖေ နှင့်သွားရောက် ညှိနှိုင်းကြခြင်းဖြစ်သည်။
သိမ်ကြီးဈေးလှဖေမှာ ပုဏ္ဍားဘထွန်း၏ နယ်မြေလုယူမှုကို ခံရသည့်အပြင် ပုလိပ်ဘက်မှ မဖမ်းဖမ်းအောင် ပုဏ္ဍားက လာဘ်ထိုးထားသည့်အတွက် ရန်ကုန်တစ်ဖက်ကမ်း ဒလ နှင့် အေးရွာတစ်ဝိုက်တွင် လှည့်လည်ရှောင်တိမ်းနေသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။
အေးရွာမှ အပြန်တွင် မတ်စတီးခန်း ငွေပေးထားသော ပုလိပ်များက ဖိုးတုတ်ကို စီးဖမ်းကြခြင်းဖြစ်သည်။
ဖိုးတုတ်သည် မတ်စတီးခန်း လက်မှ ပြန်လွတ်လာသောအခါ အိမ်တွင်မနေပဲ ဦးဘိုးသင် ၏ ဝပ်ရှော့တွင် သွားရောက်နေထိုင်သည်။
သူ့တပည့်များအားလုံးကို ဦးဘိုးသင် ထံသို့ စုရုံးလိုက်သည်။
''ဒီကိစ္စမှာ ငါ့ဘက်က အမြတ်ထွက်သွားတယ်ဆိုပေမယ့် မာမွတ် ကိစ္စ ဖော်တာ ဘယ်သူဆိုတာ ငါ သိချင်တယ်.. ငါသိမှရမယ်..ဘာလို့လဲဆိုတော့ ငါတို့ ရှေ့ဆက်သွားရမယ့် လမ်းက အဝေးကြီးကျန်သေးတယ်.. အဲ့ဒီ လမ်းမှာ သစ္စာမရှိတဲ့ကောင်ကို ဆက်ခေါ်သွားလို့တော့မဖြစ်ဘူး။ ဒီတော့ မာမွတ်ကို လုပ်တာ ငါဆိုတာကို ငါကိုယ်တိုင် ပြောပြလိုက်တဲ့ လူသုံးယောက်ရှိတယ်။ အဲ့ဒါကတော့ ကြက်ကြား၊ ဓားဘသိန်း နဲ့ ဦးလှဖေ ပဲ။ သူတို့သုံးယောက်ထဲက ဘယ်သူက မတ်စတီးခန်းနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ငါသိချင်တယ်.. အဲ့ဒီလူကို ဖော်ထုတ်ပြီးမှ ငါတို့ ကျန်တာ ဆက်လုပ်မယ်''
''ဟုတ်ကဲ့ပါ..ဆရာဖိုးတုတ်..ကျွန်တော်တို့ဆီမှာ အခု လူသစ်တွေလည်းများနေပြီဆိုတော့ နေရာအနှံ့ ခွဲပြီး သတင်းအနံ့ခံခိုင်းပါ့မယ်''
''ဟုတ်ပြီ..ကျန်တဲ့လူတွေ သွားလို့ရပြီ…ဂန္ဓမာ မင်းခဏနေခဲ့…ဘသိန်းနဲ့ စံဘလည်း ခဏနေခဲ့''
ဂန္ဒာမာသောင်းရင်း နှင့် ဖိုးတုတ်၏ ညီများဖြစ်သော ဘသိန်း နှင့် စံဘ တို့ ဖိုးတုတ်အနီးတွင် ကျန်ရစ်ခဲ့ကြသည်။
''လာ..အခု က ငါတို့ ဆွေမျိုးတွေ သီးသန့်အစည်းအဝေးပဲ…ဂန္ဓမာကတော့ ငါ့သူငယ်ချင်းအရင်းမို့ ငါ့မိသားစုလိုပဲဖြစ်နေပြီ..လာ..အထဲမှာ ဦးလေးဘိုးသင် မင်းတို့ကို ဝီစကီသောက်ဖို့ စောင့်နေတယ်''
ဦးဘိုးသင် က ထမင်းစားခန်းတွင် ဝီစကီခွက်ကို ကိုင်လျက်။
''ကဲ..သောက်ရင်း စားရင်း..ငါပြောစရာရှိတာ ပြောမယ်..ဒီမယ်..ဖိုးတုတ်…မင်း အခု ကိစ္စကနေ သင်ခန်းစာတွေ၊ အတုယူစရာတွေရတယ်ကွ…မတ်စတီးခန်း က မင်းကို ဖမ်းတော့ သူ့လူမိုက်တွေတောင် မသုံးဘူး။ ပုလိပ်အဖွဲ့ကို သုံးသွားတာကွ။ ဘယ်လောက်ရယ်စရာကောင်းသလဲကွာ..ဟားဟား.. တရားဝင်လူမိုက်အဖွဲ့ကြီးကို သုံးသွားတာ''
''ဟုတ်တယ်..ဦးလေး..ဒီကောင်ကြီး လက်တံ က ကြောက်ဖို့တောင် ကောင်းတယ်''
''ဟုတ်တယ်..ဖိုးတုတ်..မင်းလည်း သူတို့လို ကြောက်စရာကောင်းလာအောင်..ဘာလုပ်ရမလဲ..မင်းလည်း သူတို့ နည်းလမ်းအတိုင်း ပုလိပ်အရာရှိတွေ၊ နိုင်ငံရေးသမားတွေကို အိပ်ထဲထည့်နိုင်အောင် ပေါင်းရမယ်ကွ.. တရားဝင်လူမိုက်တွေနဲ့ တရားမဝင်လူမိုက်တွေဟာ အပြန်အလှန် မိတ်ဆွေတွေပဲကွ..အဲ့ဒါကို အခုကတည်းက အစပျိုးရမယ်''
''ဘယ်လို အစပျိုးရမလဲ..မနက်ဖြန် ပဲ အစပျိုးရမယ်..ငါကိုးကွယ်နေတဲ့ ဆရာတော်ဦးဝိလာသ ကို မင်းသိတယ်မဟုတ်လား..ဖိုးတုတ်''
''သိတယ်လေ..မနှစ်က ဦးလေးတို့ ကားလိုင်း ဘုံကထိန်ခင်းတော့တောင် တရားဟောတဲ့ ကိုယ်တော်မဟုတ်လား''
''အေးဟုတ်တယ်ကွ..သူ့ကို ကိုးကွယ်တဲ့အထဲမှာ ပုလိပ်ဝန်ထောက် ဦးချန်ထွန်း ဆိုတာ ရှိတယ်။ သူက မြန်မာလူမျိုးထဲ ရာထူးမြင့်မြင့်ရထားတဲ့ ပုလိပ်အရာရှိပဲကွ။ သူက ဒီရန်ကုန်ဒီစတြိတ်ကတော့မဟုတ်ဘူး။ ဟိုးရွှေဘိုဘက်က။ အခု ခွင့်နဲ့ ပြန်လာနေနေတာ..ဆရာတော်ကျောင်းကို မနက်ဖြန် ဆွမ်းလာကပ်မယ်တဲ့''
''အိုကေ..ကျွန်တော် သဘောပေါက်ပြီ ဦးလေး..မနက်ဖြန် ကျွန်တော် ဆရာတော်ကျောင်းကို လာခဲ့မယ်။
ဟေ့..ဘသိန်း..သင်္ကန်းကောင်းကောင်းသုံးစုံနဲ့ ဝတ္ထုငွေ တစ်ရာကို စာရင်းထဲက ထုတ်ထားကွာ။ မနက် ငါသွားရင် အသင့်ဖြစ်ပါစေ''
''ဟုတ် ကိုကြီးဖိုးတုတ်''
''ဦးလေး..ဘာပြောစရာရှိသေးလဲ''
''အေး ဘာမှ ပြောစရာမရှိတော့ဘူး..ငါ အရက်ပဲ ဆက်သောက်တော့မယ်'''
''ဟုတ်ပြီ..အဲ့ဒါဆို ငါပြောမယ်...စံဘ မင်း မနက်ဖြန်ကျရင် ကမာရွတ်ထဲမှာ ဖာသွားချရမယ်''
''ဗျာ''
ဖိုးတုတ်စကားကြောင့် သျှောင်ပေစူးကလေးနှင့် စံဘ အံသြသွားသည်။
''မဗျာနဲ့…နောက်ထပ် သုံးရက်လောက် ဆက်တိုက်သွားရမယ်…မင်းကိုယ်မင်း ရွာက သူဌေးသားလို့ မိတ်ဆက်..ဒီမှာ စပါးတင်သဗ္ဗာန်တစ်စင်းလာကြည့်တာလို့ပြော…ပြီးရင် အဲ့ဒီက ကောင်မလေးတစ်ယောက် နဲ့ပဲ မင်း သုံးရက်လုံး ဝင်ရမှာနော်..သဘောကတော့ မင်းဟာ သူ့ကို ကျနေတဲ့ တောသူဌေးသားပေါ့..ပြီးရင် သူတို့ ပိုင်ရှင်အကြောင်းကို မင်းစကားခေါက်ကြည့်..သူတို့မင်းကို သူတို့သူဌေးနဲ့ပတ်သက်တဲ့ ပုံပြင်တွေ ပြောပြလိုက်မယ်..အဲ့ဒီပုံပြင်လေး တွေကို ညကျရင် ငါ့ကို လာပြန်ပြောပြ ဟုတ်ပြီလား''
''ဟုတ်..ဟုတ်''
''ဂန္ဓာမာ က ဒီကောင့်ကို အဲ့ဒီ ဖာတန်းဆီ သေချာလမ်းညွှန်ပေးလိုက်ကွာ..ဒါပေမယ့် ကမာရွတ်ထဲတော့ မင်းကိုယ်တိုင် မဝင်နဲ့နော်..ဟေ့ကောင်..ဘသိန်းတပည့်တွေက မင်းကို သိနေတယ်။ စံဘ ကတော့ လူသစ်မို့ ဒီကောင်တွေမသိတာသေချာတယ်။ ဘသိန်းဆီက လိုအပ်တဲ့ ငွေထုတ်သွား။ အင်း ငါသိတာတော့ .. ကမာရွတ်က မြို့ထဲထက် အများကြီးဈေးသက်သာတယ်။ တစ်ခါချ ငါးရူပီး တဲ့''
''အေး..စိတ်ချ ဖိုးတုတ်..ဒါနဲ့ ဘာလို့..သူ့ဆီကိုလွှတ်''
''ငါ့စိတ်ထဲ သိနေတယ်ကွာ..ဂန္ဓမာ..ဒီကောင် ဘသိန်းပဲ…ငါ့ကို ချောက်ချလိုက်တာ..ငါစိတ်ထဲ အလိုလိုသိနေတယ်..ဒါ့ကြောင့် ဒီကောင့်ဆီကို စံဘကို သီးသန့်လွှတ်ပေးတာ''
…………………………………………………………………………………………
နှစ်ရက်မြောက်နေ့…စံဘ လာပြန်ပြောပြသော ပုံပြင်လေးများထဲတွင် ကုလားသူဌေးကြီး မက်စတီးခန်း ၏ ဒေါက်ကပ်မြင်းလှည်းကြီး နှင့် အတူ သူတို့ ဆောင်ကြာမြိုင်တဲနန်း၏ ပိုင်ရှင်ကြီး ဓါးဘသိန်း ပြန်လာသည့် ညတည အကြောင်းပါလာပေသည်။
နောက်တစ်နေ့နံနက်တွင် ငှက်ကြီးတောင်ဓါးကို စလွယ်သိုင်းကာ ကမာရွတ်ဘက်ဆီသို့ စက်ဘီးတစ်စီးဖြင့် ထွက်သွားသော ဖိုးတုတ်ကို တွေ့လိုက်ကြရသည်။
တကယ်တမ်းကျ..ဓါးဘသိန်းကို ကမာရွတ်တွင် ရှာမတွေ့။ဓါးဘသိန်းကား ဖိုးတုတ်လာပြီကို သတင်းကြားကတည်းက ကြိုရှောင်နေသည်။
ဓါးဘသိန်းကို မြေလှန်ရှာရန် သူ့တပည့်များအား ဖိုးတုတ်အမိန့်ပေးပြီးမကြာမီပင် ပုဏ္ဍားကျော်ထွန်း ရောက်လာသည်။
ကြည့်မြင့်တိုင်ကြက်ကြားက ပုဏ္ဍားကျော်ထွန်းမှတဆင့် ဖိုးတုတ်ထံ သတင်းစကားတစ်ခု ပါးလိုက်သည်။
''ကြက်ကြား၏ နယ်မြေဖြစ်သော စက်ဆန်းထဲမှ အိမ်တစ်လုံးတွင် ဓါးဘသိန်း အောင်းနေသည်'' တဲ့။
ထိုသတင်းအတွက် အပေးအယူကား…လမ်းမတော်ဖိုးတုတ်အနေဖြင့် ကြက်ကြားကို ထာဝရမဟာမိတ်အဖြစ် အသိအမှတ်ပြုပေးရန်ဟူ၏။
ညနေပိုင်းတွင် ဓါးဘသိန်းတစ်ယောက် ဓါဒဏ်ရာများဖြင့် ရန်ကုန်မြစ်အတွင်း ခုန်ချထွက်ပြေးသွားသည့် သတင်းက ဟိုးဟိုးကျော်သွားပေသည်။
လူမိုက်လောကတွင် လည်း ''ဖိုးတုတ်ကြီးက ဘသိန်းကိုတောင် တစ်ယောက်တည်း သွားခုတ်တာဟ'' ဆိုသည့် စကားလုံးက လမ်းမတော်ဖိုးတုတ်အား သိက္ခာထပ်ပေးသည့် စကားလုံးတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့သည်။
Crd -
ခက်ဇော်
အပိုင်း(၄) ဆက်ရန်
Comments
Post a Comment