The Guys of Yangon,1930 (Part 3)
.................
အခန်း(၄)
💢💢💢💢💢💢💢💢💢💢💢💢💢
ဖိုးတုတ်သည် လမ်းမတော်ကို တစ်လမ်းချင်း၊ တစ်ဘလောက်ချင်း သိမ်းပိုက်လာခဲ့သည်။
ပုဏ္ဍားဘထွန်းနေသည့် (၁၄)လမ်း ထိပ် မှ အရက်ဆိုင်နှင့် ဘိန်းခန်းများသည်ပင်လျင် ဖိုးတုတ်အဖွဲ့၏ လက်လွှဲသိမ်းပိုက်သည်ကို ခံခဲ့ရသည်။
သိမ်ကြီးဈေးတဝိုက်ကိုသာ ပုဏ္ဍားဘထွန်းအပိုင်အဖြစ် ထီးထီးကျန်ရစ်သည်။
သိမ်ကြီးဈေးကိုကား ပုဏ္ဍားဘထွန်း၏ မွေးစားသား အာဠာဝကစိန်ကြီး တို့ အဖွဲ့မှ အုပ်ချုပ်နေသဖြင့် ဖိုးတုတ်တို့ တမင်တကာ လက်ရှောင်ထားခြင်းဖြစ်သည်။
အာဠာဝကစိန်ကြီးသည် ဖိုးတုတ်နှင့် သက်တူရွယ်တူဖြစ်ပြီး ကြမ်းတမ်းရက်စက်ရာတွင် နာမည်ကြီးသည်။
အရပ် ခြောက်ပေနီးပါးမြင့်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်တောင့်တင်းသည်။ အနောက်တိုင်းလက်ဝှေ့ကို ကျွမ်းကျင်ပြီး ဂေါ်ရာစစ်တပ်ချန်ပီယံ လက်ဝှေ့သမား နီဂရိုးတစ်ဦးကို အလဲထိုးခဲ့ဖူးသဖြင့် နာမည်ကျော်သည်။
သူ့ရင်ဘတ်တွင် အာဠာဝကဘီလူးပုံဆေးထိုးထားပြီး အာဠာဝကဆေးကြွပါက လူတစ်ယောက် လည်ပင်းကို အစိမ်းကိုက်ပြီး သတ်ပစ်သည်ဟု ပင် ကောလဟလများ ထွက်ခဲ့ဖူး၏။
သားသမီးမရှိသည့် ပုဏ္ဍားဘထွန်းက အာဠာဝကစိန်ကြီးကို သားအရင်းအဖြစ် မွေးစားခဲ့သလို စိန်ကြီးကလည်း ပုဏ္ဍားဘထွန်း အတွက်ဆို သေသေကြေကြေတိုက်မည့်အထိ သံယောဇဉ်ကြီးကြသည်။
အာဠာဝကစိန်ကြီးမှာ ပုဏ္ဍားဘထွန်း၏ အင်အားပင်ဖြစ်သည်။
သို့သော် မတ်စတီးခန်းအုပ်စုနှင့် မိမိအဆင်မပြေသေးသည့် အနေအထားတွင် ဖိုးတုတ်ကို ခဏအလျော့ပေးထားရန် ပုဏ္ဍားဘထွန်းက ဆုံးဖြတ်ထားသည်။
လမ်းမတော်ဖိုးတုတ် ကား ထိုအခြေအနေကို အခွင့်ကောင်းယူကာ နယ်မြေကို ဆက်လက်တိုးချဲ့နေသည်။
လမ်းမတော်တွင် ဂိတ်ထိုးသော Taxi ကားများကို အခွန်ကောက်သည်။ လမ်းမတော်နှင့် ကြည့်မြင့်တိုင်ပြေးဆွဲသော ဘတ်စ်ကားများကိုလည်း အခွန်ကောက်သည်။
ရန်ကုန်၏ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ဆက်ကြေး၊ လိုင်းကြေးများမှာ မန်မဆာမိသားစု အပိုင်ဖြစ်ခဲ့သော်လည်း ဖိုးတုတ်အပိုင် တွင်မူ မက်မဆာမိသားစု နောက်ဆုတ်ပေးခဲ့ရသည်။
မန်မဆာမိသားစုအနေဖြင့်လည်း အနောက်ပိုင်းတွင် ပုဏ္ဍားဘထွန်းအပြင် နောက်ထပ် ရန်စွယ်တစ်ခု ထပ်မပွားစေရန် မက်စတီးခန်းက သတိပေးထားသဖြင့် ဖိုးတုတ်လုပ်သမျှ အသာကြည့်နေရုံမှလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ကြ။
မန်စတီးခန်း မန်မဆာအုပ်စုရော၊ ပုဏ္ဍားဘထွန်းတို့ကပါ ဖိုးတုတ်ကို လျှော့တွက်ခဲ့ကြသည်။
သူတို့ နှစ်ဖွဲ့၏ ရန်ကုန်အရှေ့၊အနောက် ဗိုလ်လုပွဲပြီးလျှင် ဖိုးတုတ်သည် အချိန်မရွေးရှင်းပစ်လို့ရနိုင်မည့် ဗမာချာတိတ်ဟု ယူဆထားခဲ့ကြသည်။
၁၉၂၈ ခုနှစ်သို့ ချည်းနင်းဝင်ရောက်ခဲ့ပြီ။
လမ်းမတော်တွင် ပုဏ္ဍားဘထွန်း၏ အရောင်သည် ခပ်မှိန်မှိန်သာဖြစ်နေပြီး လမ်းမတော်ဖိုးတုတ် က တောက်ပသည်ထက် တောက်ပလာသည်။
ဘုန်းကြီးကျောင်းတွင် ခင်မင်ခဲ့သည့် ရဲဝန်ထောက် ဦးချန်ထွန်းကျေးဇူးဖြင့် အနောက်ပိုင်းခရိုင် ပုလိပ်အက်စပက်တော် ဦးဟုတ်ဂွမ် ကို ဖိုးတုတ်အိပ်ထဲ ထည့်ထားနိုင်ခဲ့သည်။
လမ်းမတော်အပျော်အပါးဌာနများတွင် ညမင်းသားလာလုပ်ကြသော ဓာတ်ရှင်မင်းသား ခင်မောင်၊ ဇာတ်မင်းသား ရွှေကျီးညို တို့သည် ဖိုးတုတ်နှင့် ငယ်ပေါင်းကြီးဖော်လိုဖြစ်လာကြသည်။
သူတို့မှတဆင့် ရုပ်ရှင်အသိုင်းအဝိုင်း၊ ဇာတ်သဘင်အသိုင်းအဝိုင်းအထိ ဖိုးတုတ်နာမည်က ပေါက်ရောက်လာနေပြီဖြစ်သည်။
ခေတ်သစ်ရန်ကုန်မြို့သည် အနောက်တိုင်းဆန်ဆန်တည်ငြိမ်လှပနေသလို လမ်းမတော်သည်လည်း တက်ကြွသော တရုတ်မြို့တော်တစ်ခုအဖြစ် ဖွံ့ဖြိုးနေသည်။
မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာ အစုံ ရနိုင်သလို ချမ်းသာကြွယ်ဝသော ကုန်သည်ကြီးများ၏ အိမ်များ၊ တရုတ်ပြည်မ နှင့် ရေလက်ကြားနယ်သစ်များမှ တင်သွင်းသည့် ပစ္စည်းမျိုးစုံကို ရနိုင်သည့် နေရာဖြစ်လာသည်။
ကန်တုံအုပ်စုနှင့် ဖူးကျန့်အုပ်စုကွဲနေသော တရုတ်လူမျိုးဂိုဏ်းများကြားတွင် ရံဖန်ရံခါဖြစ်တတ်သော တိုက်ပွဲလေးများမှ အပ လမ်းမတော်ဖိုးတုတ်၏ အာဏာစက်အောက်တွင် လမ်းမတော်က ငြိမ်ဝပ်လာသည်ဟု ထင်ရသည်။
ထိုအခြေအနေကို ပုလိပ်အဖွဲ့ကလည်း အသိအမှတ်ပြုလာကြသည်။
သို့သော် တကယ်တမ်းက ထိုသို့မဟုတ်။
လမ်းမတော်ကား အကြောက်တရားဖြင့် ငြိမ်ဝပ်နေကြခြင်းပင်။
ဖိုးတုတ်နှင့် သူ့တပည့်များ၏ ရမ်းကားမှု က တဆင့်ပြီး တဆင့်တက်လာကြသည်။
တရုတ် ရှန်ဟိုင်းအစိမ်းဂိုဏ်း ၏ ဘိန်းကုန်ကူးသော ရွက်လှေကြီးများပေါ်အထိ ဖိုးတုတ်အုပ်စုက ထိပါးလာသည်။
ရှန်ဟိုင်းအစိမ်းဂိုဏ်း၏ ပင်မလုပ်ငန်းမှာ ဘိန်းကုန်ကူးခြင်းပင်။
ထိုအချိန်က တရုတ်ပြည်မတွင် နိုင်ငံရေးသြဇာအကြီးဆုံးမှာ ဟုန်ပန်းအနီဂိုဏ်းဖြစ်ပြီး ထိုဂိုဏ်းတွင် ဒေါက်တာဆွန်ယက်ဆင်၊ ချန်ကေရှိတ်တို့ကဲ့သို့သော သမိုင်းဝင် တရုတ်ခေါင်းဆောင်များ ပေါ်ထွက်ခဲ့ကြသည်။
အနီဂိုဏ်းသည် နိုင်ငံရေးလောကတွင် ပါဝင်သကဲ့သို့ ကမ္ဘာအနှံ့ဒုစရိုက်လုပ်ငန်းများနှင့် ပတ်သက်မှုရှိခဲ့သည်။
ရှန်ဟိုင်းအစိမ်းဂိုဏ်း၏ ခေါင်းဆောင် နားကားကြီး ခေါ် တူယွဲ့ရှိန်း သည်အနီဂိုဏ်းဝင် ဒုစရိုက်ခေါင်းဆောင် ကျောက်ပေါက်မာယွမ်အဖွဲ့မှ အောက်ခြေ ဒုစရိုက်သမားတစ်ဦးဖြစ်ခဲ့ဖူးသည်။
နားကားကြီးတူယွဲ့ရှိန်း ကို ရှန်ဟိုင်းမြို့တစ်ဖက်ကမ်း၊ ကောင်းချောင်ရွာ ဆင်းရဲသားရပ်ကွက်တွင် မွေးဖွားခဲ့သည်။
တူယွဲ့ရှိန်းမှာ နားရွက်ကားကား၊ သွားခေါခေါဖြင့် ကြောက်စရာ ဥပဓိရုပ်ရှိသကဲ့သို့ တရုတ်ပြည်ရှိ ပြင်သစ်အငှားနယ်မြေတွင် အသက် ဆယ့်နှစ်နှစ်ဖြင့် ကြေးစားလူသတ်ပေးခဲ့သူဖြစ်သည်။
တူယွဲ့ရှိန်း အရွယ်ရောက်လာသည်နှင့်အမျှ နောက်လိုက်နောက်ပါများ များပြားလာပြီး အနီဂိုဏ်းမှ ခွဲထွက်ကာ ရှန်ဟိုင်းအစိမ်းဂိုဏ်းကို ထူထောင်ခဲ့သည်။
မကြာမီ အနီဂိုဏ်းမှ ရှန်ဟိုင်းဒုစရိုက်ခေါင်းဆောင် ကျောက်ပေါက်မာဟွမ်၊ အစိမ်းဂိုဏ်းခေါင်းဆောင် နားကားကြီး တူယွဲ့ရှိန်း နှင့် အပြာဂိုဏ်းခေါင်းဆောင် ကျန်းရှောက်လင်းတို့ အကျိုးတူပူးပေါင်းခဲ့ကြသည်။
သူတို့ သုံးဂိုဏ်းပေါင်းထားသည့် ချိုကျူးဂိုဏ်း ခေါ် မာဖီးယားအုပ်စုမှာ ကမ္ဘာတွင် အင်အားအကြီးဆုံးလူဆိုးဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်လာခဲ့သည်။
ရန်ဟိုင်းအစိမ်းဂိုဏ်းသည် ဘိန်းကုန်ကူးမှုကို အဓိက လုပ်ဆောင်ပြီး နိုင်ငံတကာဘိန်းဈေးကွက်ကို ထိန်းချုပ်ထားခဲ့သည်။
ယခုတော့ နားကားကြီး တူယွဲ့ရှိန်း၏ ဘိန်းဈေးကွက်များထဲမှ တစ်ခုဖြစ်သော အင်္ဂလိပ်ပိုင် မြန်မာပြည်၊ ရန်ကုန်မြို့၊ လမ်းမတော်ဆိပ်ကမ်းတွင် အသက် (၃၀)ဝန်းကျင် လူငယ်လေးတစ်ဦး ဦးဆောင်သည့် လူမိုက်ဂိုဏ်းကလေးသည် တူယွဲ့ရှိန်း၏ စီးပွားရေးကို ထိပါးစ ပြုလာပေပြီ။
တူယွဲ့ရှိန်း ၏ လက်ထောက်များ သတိထားမိသွားနိုင်သည့် ထိပါးမှုမျိုးဆိုပါက ဖိုးတုတ်တို့ တစ်ဖွဲ့လုံးသာမက ဆွေမျိုးများပါ လက်သည်မပေါ်ပဲ မီးလောင်တိုက်သွင်းခံရဖို့များနေသည်။
ထိုအခြေအနေကို တရုတ်တန်းမှ လျှို့ဝှက်ဂိုဏ်းဝင်များက ရင်တမမ နှင့် ကြည့်နေကြသည်။
သို့သော်..ဖိုးတုတ် ဘက်တွင် ကံကြမ္မာကောင်းက ရှိနေသည်။
ထိုကံကြမ္မာကောင်းသည် ချစ်ခြင်းမေတ္တာ၊ သွေးစက်များ နှင့်အတူ ယှဉ်တွဲဝင်လာခြင်းပင်။
…………………………………………………………………………………………
၁၉၂၈ ဧပရယ်လ ၃ရက်။
လမ်းမတော် (၁၄)လမ်းရှိ ဒေါ်ချစ်ပု ၏ နေအိမ်ရှေ့သို့ မော်တော်ကားတစ်စီး ထိုးဆိုက်လာသည်။
ရပ်ကွက်တစ်ခုလုံး ရုတ်တရက် ငြိမ်သက်ကာ ထိုကားထံသို့ အာရုံစိုက်သွားကြသည်။
ကားပေါ်မှ ဆင်းလာသူက လမ်းမတော်ဖိုးတုတ်။
လမ်းမတော်၏ တောက်ပလာသော အိမ်ရှေ့စံ ဖိုးတုတ်။
ဖိုးတုတ်က ဆေးတံကို ခဲလျက်။ သူ့နံဘေးတွင် ဂန္ဓမာသောင်းရီ နှင့် စံဘတို့ ခြံရံထားသည်။
ဖိုးတုတ် အိမ်ပေါ်လှမ်းတက်လိုက်သည်နှင့် သူ့ကို ကျောပေးထားသော မိခင် ဒေါ်ချစ်ပု ကို တွေ့လိုက်ရသည်။
''အမေ..ဘာဖြစ်နေတာလဲ..ကျွန်တော့်ကို ခေါ်ခိုင်းတယ်ဆို''
ဒေါ်ချစ်ပု က ဖိုးတုတ်ဘက် လှည့်လာသည်။
''နင့်ကောင်တွေကို အိမ်အောက်မှာ နေခဲ့ခိုင်း..ဖိုးတုတ်..နင်နဲ့ငါ နှစ်ယောက်ချင်း ပြောမယ်''
ဂန္ဓာမာသောင်းရီ နှင့် စံဘတို့ က အိမ်အောက်သို့ ပြန်ဆင်းသွားသည်။
''အမေ..ဘာတွေ ဒေါသထွက်နေတာလဲ..အမေ''
''နင် လူပါးဝတာတွေ များနေပြီ ဖိုးတုတ်…တခြား နင် မကောင်းမှုတွေ ဘာလုပ်လုပ် ငါမပြောပါဘူး.. အခုဟာက နင်ဟာ ငါဈေးရောင်းကျွေးတဲ့ ထမင်းကို စားလာပြီး..ငါတို့ကို အပြန်အလှန်ကျေးဇူးရှိတဲ့ ရိုးရိုးသားသား ကုန်သည်တွေပါ အနိုင်ကျင့်စော်ကားနေတာ လွန်လာလို့''
ဖိုးတုတ် မျက်မှောင်ကျုံ့သွားသည်။ ဆေးတံကို ဘေးချလိုက်သည်။
''ကျွန်တော် ဘာလုပ်လို့လဲ..အမေ..အမေပြောတာ နားမလည်ဘူး''
''နင် ဈေးဆိုင်တွေ၊ ကုန်သည်တွေဆီကနေ နယ်ကိုပို့မယ်ဆိုပြီး ကုန်တွေမှာတယ်။ ပြီးရင် ငွေမရှင်းပေးဘဲ လူလည်ကျနေတယ်။ အဲ့ဒီ သတင်းတွေ ငါအကုန်ကြားပြီးသား''
''ဟာ..မဟုတ်တရုတ်.အမေရာ..ကျွန်တော်က ကုန်သည်တွေကို အဲ့ဒီလို လုပ်စရာလား''
''အော်..နင်က ငြင်းချင်သေးတယ်..နင်သိလား..နင်အဲ့ဒီလို လုပ်တဲ့ထဲ ငါ့တို့အပေါ်ကျေးဇူးရှိတဲ့ ထောင်ကဲ ကြီး ဘွန်ရှုကျန်း နဲ့ မမမြ တို့ ဆီကပါ ပါသေးတယ်..သူတို့အားလုံးက နင့်ကို ကြောက်လို့ သာ ဟိုတိုင် ဒီတိုင် မလုပ်ပဲ ကြိတ်မှိတ်ခံနေကြတာ….ခု မခံနိုင်လွန်းလို့ ငါ့ကို ရင်ဖွင့်ရှာတာ..ဟမ်း..နောက်ထပ် ကုန်သည်တွေ လည်း နင်လုပ်တာ ခံနေရတယ်တဲ့..ငါရှက်လိုက်တာ..ဖိုးတုတ်ရယ်..ထမင်းတစ်လုပ်တော့ ငါဈေးရောင်းရှာကျွေးနိုင်ပါတယ်''
''အမေ..တစ်ခုခုတော့ မှားနေပြီ..ကျွန်တော် ရိုးရိုးသားသားကုန်သည်တွေနဲ့ တစ်ခါမှ မပတ်သက်ဘူးနော်''
ထိုအချိန်တွင် အိမ်ထဲသို့ အမျိုးသမီးငယ်တစ်ဦး ဝင်လာသည်။
''ဂျီးတော်ပု..ဂျီးတော် သား ရောက်ပြီလား''
ဂန္ဓမာသောင်းရီ နှင့် စံဘတို့က အိမ်ထဲ ဇိုးဇိုးဇတ်ဇတ်ဖြင့် ဝင်လာသော အမျိုးသမီးငယ်ကို ရုတ်တရက် ကြောင်ကြည့်နေကြသည်။
ဘီအေဆံထုံးကို ထုံးထားပြီး အသားဖြူဖြူ၊ ခန္ဒာကိုယ်အချိုးအဆက်လှလှဖြင့် အသက် (၂၃)နှစ်အရွယ် အမျိုးသမီးက အိမ်ပေါ်သို့ တက်ချလာသည်။
''လာ..မသင်းမြ..ဒီမှာဒါ ဂျီးတော်ပု သားပဲ''
''ကိုဖိုးတုတ်..ဆိုတာကိုး..တစ်ခုပြောမယ်နော်..ရှင့်ကိုယ်ရှင် လူမိုက်ဆိုပြီး အထင်ကြီးမနေနဲ့..ကျွန်မ ရှင့်ကို မကြောက်ဘူး''
ဖိုးတုတ်က မသင်းမြကို ပြုံးပြီး ကြည့်နေသည်။
''ဒါ မင်းတို့ ငယ်ငယ်ကတည်းက အမေငွေလိုတိုင်း ကူညီပေးနေတဲ့ ထောင်ကဲ နဲ့ မမြ တို့ သမီး မသင်းမြတဲ့.. မင်းဘာတွေလုပ်ခဲ့လဲဆိုတာ သူပြောပြလိမ့်မယ်''
မသင်းမြ က အင်္ကျ ီရင်ဘတ်ထဲမှ ကုန်အမှာစာရွက်သုံးရွက်ကို ဖိုးတုတ်ထံ ထိုးပေးလိုက်သည်။
''ဒီမှာ လွန်ခဲ့တဲ့ တစ်လအတွင်း ရှင့်နာမည်နဲ့ ကျွန်မတို့ဆီ မှာခဲ့တဲ့ ကုန်ဖိုးစာရင်းတွေ…ရှင်မှာပြီး တစ်ခါမှ လည်း ပိုက်ဆံလာမရှင်းဘူး..ရှင် က ဂျီးတော်ချစ်ပုသားဆိုတာ သိနေလို့ ကျွန်မ အတယ်တို့က သည်းခံနေတာ..နောက်ထပ် ရှင်လုပ်သွားတဲ့ ကုန်သည်တွေလည်းဈေးထဲမှာ အများကြီးပဲ..သူတို့ ခမြာ ရှင့်ကို ကြောက်လို့ ငြိမ်ခံနေတာ…အဲ့ဒါတွေ ရှင်ဘယ်လိုရှင်းမှာလဲပြော''
ဖိုးတုတ်က ခေါင်းကုတ်လိုက်သည်။ ထို့နောက် ကုန်မှာစာရွက်များကို တစ်ရွက်ချင်းကြည့်လိုက်သည်။
''ရှင်စာဖတ်တတ်တယ် မဟုတ်လား။ ကုန်မှာယူသူ နေရာမှာ နာမည်ရေးထားတာ ဘယ်သူ့နာမည်လဲ..ဘယ်သူ့လက်မှတ်လဲ''
''ဖိုးတုတ် ဆိုတာတော့ ဟုတ်တယ်..ညီမလေး..ဒါပေမယ့်…လက်မှတ်က အကိုကြီး လက်မှတ်မဟုတ်ဘူးနော်''
''ရှင် ကျွန်မကို ညီမလေး မခေါ်ပါနဲ့..ရှင်လိုလူနဲ့ ကျွန်မ လေသံနဲ့တောင် မောင်နှမ အတော်မခံနိုင်ဘူး''
စူပုပ်နေသော မသင်းမြ မျက်နှာရဲရဲလေးကို ကြည့်ကာ ဖိုးတုတ် က ပြုံးနေသည်။
''အိုကေလေ..မြ..ဒီကိစ္စကို သုံးရက်အတွင်း အကိုကြီး အပြီးရှင်းပေးမယ်….ကျန်တဲ့ကုန်သည်တွေ ရဲ့ကုန်စာရင်းတွေရောပဲပေါ့…ဒါဆို မြ ကျေနပ်မှာလား''
''ရှင် ကျွန်မကို မြ လို့ မခေါ်ပါနဲ့''
ဖိုးတုတ်က ဆေးတံကို မီးညှိ့လိုက်သည်။
''အမေ…ဒီကိစ္စ ကျွန်တော် မဟုတ်ဘူးဆိုတာ သေချာတယ်။ အမေ ကျွန်တော့်ကို ယုံပါ။ မကြာခင် အဖြေမှန် ပေါ်မှာပါ..ကျွန်တော်သွားပြီ..အမေ''
ဖိုးတုတ်က ဒေါ်ချစ်ပုကို နှုတ်ဆက်ပြီး အိမ်ပေါ်မှ ဆင်းသွားသည်။
မသင်းမြ က အံကို ကြိတ်လျက်။
……………………………………………………………………………..
''ပုဏ္ဍားကျော်ထွန်း က မင်းလူတွေကို ခေါ်.. တရုတ်တန်း၊ လသာဘက်မှာ ရှိသမျှ ဈေးတွေက ပွဲရုံတွေကို လိုက်မေး..ဖိုးတုတ်နာမည်နဲ့ ကုန်ကြွေးယူထားရင် အဲ့ကြွေးစာရင်းစာရွက်တွေ ပေးလိုက်ဖို့ပြော''
''အုန်းဖေ က ဆိပ်ကမ်းမင်းကြီးရုံးကိုသွား… အဲ့ဒီမှာ နယ်ကုန်တွေပို့တဲ့ သဗ္ဗာန်တွေကို စာရင်းလုပ်တဲ့ အကောက်စာရေး အာမေနီးယန်းကြီးရှိတယ်။ သူ့ဆီမှာ ကုန်ပြေစာအခွန်ဆောင်တဲ့အထဲ ဖိုးတုတ် ဆိုတဲ့ နာမည်နဲ့ သူရှိလားဆိုတာ မေး၊ ရှိတယ်ဆို ဘယ်မှာနေလဲဆိုတာ သေချာစုံစမ်း''
''မောင်ညွန့်နဲ့ စံဘက ငါတို့ လူတွေကို လိုက်စုထားလိုက်တော့။ လိုအပ်ရင်ခေါ်သုံးမယ်လို့။ ဂန္ဒမာ က ပုဏ္ဍားလူတွေ ဒီရက်ပိုင်း ဘာတွေလှုပ်ရှားနေလဲဆိုတာ နည်းနည်းကင်းထောက်ထားကွာ..ကဲ..အားလုံး သွားလို့ရပြီ''
အခန်းထဲတွင် လမ်းမတော်ဖိုးတုတ် နှင့် သူ့ညီ ဘသိန်း သာ ကျန်ရစ်သည်။
''ဘသိန်း..မင်း က အမေနဲ့ အတူ ဆိုင်ဖွင့်တာဆိုတော့ မသင်းမြ ကို သိလား''
''သိတယ်လေ..ကိုကြီးဖိုးတုတ်…ထောင်ကဲသမီး တရုတ်ကပြားမလေး''
''ဒီကောင်မလေးက တမျိုးပဲကွနော်''
''ကောင်မလေးက ဇတ်ဇတ်ကြဲလေး။ ဒါပေမယ့် ဘာသာရေးတို့ ဘာတို့တော့ ကိုင်းရှိုင်းပါတယ်။ ခုနှစ်တန်းထိလည်း ခေတ်ပညာတတ်တယ်။ ဟဲ..ဟဲ…ငါ့အကိုကတော့…ဟဲဟဲ''
''အေးကွာ..ဒီနေ့ အမေ့ဆီ သွားရင်းတွေ့ခဲ့တာ..ငါ့ကိုလည်း ကတ်ကတ်လန်အောင် ရန်တွေ့တာပဲဆရာ..မလွယ်တဲ့ဟာလေးပဲ''
''အကို..အဲ့ဒီ မြာလေးကို စွဲနေပြီမဟုတ်လား''
''အေးကွ..ဘသိန်းရ..ငါလည်း မိန်းမတွေအများကြီးနဲ့ ဆုံဖူး၊ အိပ်ဖူးတာပဲ။ ချိုက်ဟုန်နဲ့ဆို တပတ် လေးရက်လောက် နေဖြစ်နေတာ။ ဒါပေမယ့် သူ့ နဲ့ တွေ့တဲ့အခါ ခံစားရတာမျိုးမဖြစ်ဘူးကွ။ တမျိုးတော့ တမျိုးပေါ့''
''ဟာ တစ်မျိုးမကဘူး..ငါ့အကိုရ..အဲ့ဒါ အမျိုးထောင့်ငါးရာလောက်ရှိတယ်..အဲ့ဒါ..အချစ်ဗျ..အချစ်''
''ဟာကွာ..အဲ့ဒီလို အနုအရွတွေအတွက် ငါအချိန်မပေးနိုင်သေးပါဘူး''
''အကို..အချိန်ပေးစရာမလိုပါဘူး..အကိုရဲ့..ကျွန်တော်က အဲ့ဒီအိမ်ကို အဝင်အထွက်ရှိနေတာပဲ..ထောင်ကဲသို့ ဒေါ်ဒေါ်မြ တို့က ကျွန်တော့်ကို ငယ်ငယ်ကတည်းက သိကြတာ…အကို့ညီ ဘသိန်း ကြံစည်ပေးမှာပေါ့''
''အေးကွာ..အမေတို့ မင်းတို့နဲ့ သူတို့မိသားစုဒီလောက်ရင်းကြတာ..ငါမသိဘူး။ ပိုဆိုးတာက ငါ့နာမည်သုံးပြီး သူတို့ ဆီက ကုန်ဖိုးတွေ လိမ်သွားသေးတဲ့။ အားနာလိုက်တာကွာ''
''ဒါကတော့ အကိုရာ..အကိုလုပ်တာမှ မဟုတ်ပဲကိုး။ အကိုနာမည်ကို သူများက သုံးသွားတာပဲ။ ကိစ္စပြီးသွားမှ ထောင်ကဲတို့ဆီသွားပြီး အကျိုးအကြောင်းရှင်းပြတာပေါ့''
ဖိုးတုတ် က ဖွာရှိုက်လက်စ ဆေးတံကြားမှ လွင့်ပျံလာသည့် မီးဖွားမှုန်လေးများကို ငေးကြည့်နေသည်။
…………………………………………………………………………………………
သန်းခေါင်ယံ ရန်ကုန်ည။
လမ်းဘေး မီးတိုင်များမှ အပ အလင်းကမရှိ။
တစ်ကာဂါရီ (ခေါ်) ဆိပ်ကမ်းသုံးမြင်းလှည်းတစ်စီးသည် လမ်းမတော်ဆိပ်ကမ်းမှ ဂိုထောင်တစ်လုံးရှေ့တွင် ရပ်တန့်လိုက်သည်။
မြင်းလှည်းပေါ်မှ လူသုံးဦးဆင်းလာပြီးနောက် အထုတ်တစ်ထုတ် အား သယ်ချကြသည်။
ထို့နောက် အထုတ်ကို ဂိုထောင်ထဲသို့ သယ်သွားပြီး ဂိုထောင်တွင်း ကုလားထိုင်တွင် ထိုင်နေသာ သူ၏ ရှေ့ တမံသလင်းပေါ်သို့ ပစ်ချလိုက်လေသည်။
အထုတ်တွင် ချည်ထားသော ကြိုးကို ဖြည်ချလိုက်သောအခါ အထဲတွင် လက်ပြန်ကြိုးတုပ်ထားသော လူတစ်ယောက်။
ကုလားထိုင်ပေါ်က လူက ခြေချိတ်ထိုင်လျက်က မေးခွန်းထုတ်လိုက်သည်။
''မင်း နာမည် ဘယ်လိုခေါ်လဲ''
''ခင်ဗျားတို့ ကျုပ်ကို ဘာလို့ ခေါ်လာတာလဲ..ဒါက ဘယ်နေရာလဲ..ခင်ဗျားတို့ မှားမယ်နော်..ကျုပ်ကို ဘယ်သူမှတ်လဲ..ဘယ်သူမှတ်နေလဲ"
"ပြောကြည့်ပါဦး..မင်းက ဘယ်သူတုန်း"
''ကျုပ်နာမည် ဖိုးတုတ်..ဖိုးတုတ်ဗျ..''
''သြော်..ဖိုးတုတ်တဲ့လား..ဖိုးတုတ် ဆို ရိုက်တယ်ကွာ''
''ဖြောင်း''
အရှိန်ဖြင့် လွှဲရိုက်လိုက်သော သံခေါင်းမူလီတပ်တုတ် ကြောင့် နဖူးထက်မှ သွေးများ ဖျာခနဲ ထွက်လာသည်။
''ပြန်ပြောစမ်းပါဦး..မင်းနာမည်..ဘယ်သူ''
''…………………………''
တဖက်မှ အသံထွက်မလာ။
''အေး…မင်းက ဖိုးတုတ်ဆိုတော့ ငါကလည်း ငါ့နာမည်ပြောမယ်..ငါလည်း ဖိုးတုတ်ပဲကွ.. အေး.ငါနာမည် လမ်းမတော်ဖိုးတုတ်ကွ''
လက်ပြန်ကြိုးတုပ်ခံထားရသူသည် ဆတ်ခနဲတုန်သွားပြီး လမ်းမတော်ဖိုးတုတ်ကို မော့ကြည့်လိုက်သည်။
''ကလိန်ကကျစ်ပွဲစားကောင် ကများ ငါနဲ့ နာမည်လာတူနေရတယ်လို့ကွာ..ဒီမယ်..လမ်းသုံးဆယ်က ဖိုးတုတ်.. မင်း က ဘာကိစ္စ ငါ့နာမည်သုံးပြီး လိမ်စားနေရတာလဲ..ဖြေစမ်း''
''အ…အ..ကျုပ်ဘယ်မှာ လိမ်လို့လဲ…ကျုပ်နာမည်လဲ ဖိုးတုတ်ပဲလေ…သူတို့ဆီ က ကုန်မှာတယ်..ငွေမပြေလည်သေးလို့ အကြွေးတွေမပေးသေးတာလေ..ဘာဖြစ်လို့လဲ''
''သြော်.အေးပါ…ဟေဟေး..ဒါဆို မင်းက ငါ့နာမည်နဲ့ လုပ်စားတာမဟုတ်ဘူးပေါ့…မင်းနဲ့ ငါနဲ့ နာမည်တူနေလို့ပေါ့..ဟုတ်လား''
''အဲ့လိုလည်း မဟုတ်ပါဘူး..ဆရာဖိုးတုတ်..တောင်းပန်ပါတယ်ဗျာ..အဟီးဟီး..ကျွန်တော့်ကိုမသတ်ပါနဲ့ "
''ငိုမနေနဲ့ ..ခွေးမသား..မင်းကို သတ်တော့ မသတ်ဘူး..ဒါပေမယ့်... ငါနဲ့ နာမည်မတူတောင် ဒီနေ့ကစပြီး နာမည်ပြောင်းပေးလိုက်မယ်..ပြီးတော့ မင်းယူထားတဲ့ ကုန်ကြွေးတွေအားလုံးကို နှစ်ရက်အတွင်း အပြီးလိုက်ဆပ်ရမယ်။ မဟုတ်ရင်တော့ မင်း ဂွေးဥနှစ်လုံးကို အရှင်လတ်လတ်ထုတ်ပြီး ရန်ကုန်မြစ်ထဲမှာ ငါးစာကျွေးပစ်မယ်''
''ဟုတ်..ကဲ့..ဆရာဖိုးတုတ်''
''နေဦးဟ အခုက ပါးစပ်နဲ့ ပြောပြီးပြီဆိုတော့ လက်နဲ့ လုပ်စရာတွေရှိသေးတယ်..မင်းနာမည်ကို ဖိုးတုတ်ကနေ ဖိုးတေ လို့ ငါပြောင်းပေးမယ်..အပေအတေကလိန်ကောင်မို့…ကဲ..နာမည်ပေး ကင်မွန်းတပ်ပွဲစမယ်..ဂန္ဓမာ နဲ့ အုန်းဖေ လာဟေ့''
အုန်းဖေ က သူ့ခါးကြားတွင် အမြဲဆောင်ထားသော ဓါးမြှောင်ကို ဖိုးတုတ်ထံ ကမ်းပေးလိုက်သည်။
ထို့နောက် လမ်း(၃၀)ဖိုးတုတ်ကို မှောက်ခုံမှောက်ကာ ဂန္ဓာမာသောင်းရီက တက်မိထားလိုက်သည်။
အုန်းဖေက လမ်း(၃၀)ဖိုးတုတ်၏ ဘိုကေထိပ်ကို ဆွဲလှန်မော့ပေးထားလိုက်သည်။
လမ်းမတော်ဖိုးတုတ်က ဓါးမြှောင်ထိပ်ဖြင့် လမ်း(၃၀)ဖိုးတုတ်၏ နဖူးကို တေ့ပြီး စာလုံးလေးလုံးရေးထွင်း လိုက်သည်။
''ကလိန် ဖိုးတေ''
နောက်နှစ်ရက်အကြာတွင် လမ်းမတော်ဖိုးတုတ်အယောင်ဆောင်ခဲ့သော လမ်း(၃၀)ဖိုးတုတ် သည် လမ်း(၃၀)ရှိ သူ၏နေအိမ်ကို ရရာဈေးဖြင့် ရောင်းချသွားပြီး လမ်းမတော်ပွဲရုံများတွင် ကျန်ရှိသော ကုန်ဖိုးများအားလုံးကို ရှင်းပေးကာ ရန်ကုန်မြို့မှ ပျောက်ကွယ်သွားတော့သည်။
လမ်း(၃၀) ဖိုးတုတ်၏ နေအိမ်ကို အောက်ဈေးဖြင့် ဝယ်လိုက်သူမှာလည်း လမ်းမတော်ဖိုးတုတ်ပင် ဖြစ်နေတော့သည်။
…………………………………………………………………………………………
''ထောင်ကဲကြီးရော..ဒေါ်ဒေါ်မြ ကိုပါ ဒီက ကျွန်တော့်အကို ကိုဖိုးတုတ်က တောင်းပန်ရအောင်လာတာပါ.. သူ့ကြောင့် ဒီလိုဖြစ်ရတာဆိုပြီး သူစိတ်မကောင်းဖြစ်နေတာ..''
''မဟုတ်တာကွယ်.. ဒီကိစ္စက ဟိုတစ်ဖက်သားက မောင်ဖိုးတုတ် အယောင်ဆောင်ပြီး လုပ်စားသွားတာပဲ.. ဒေါ်ဒေါ်မြတို့လည်း ကိုယ့်ငွေ ကိုယ်ပြန်ရပြီပဲ..မောင်ဖိုးတုတ်ကိုတောင် ကျေးဇူးတင်ရဦးမှာ''
ဒေါ်မြမြ က လမ်းမတော်ဖိုးတုတ်ကို အားတောင့်အားနာဖြင့် ပြုံးပြသည်။
ထောင်ကဲဘွန်းရှုကျန်း က မူ မျက်မှန်ဝိုင်းအသေးလေးထဲမှ မျက်လုံးမှေးများဖြင့် ဖိုးတုတ်ကို အကဲခတ်နေ၏။
''ဒါနဲ့..မသင်းမြ ရော…ဒေါ်ဒေါ်မြ''
''ပွဲရုံမှာလေကွယ်..ပွဲရုံကိစ္စ အခုကစပြီး သူ့ပဲ လက်လွှဲနေရတာ''
''သြော်..ဟုတ် ဒေါ်ဒေါ်မြ..ကောင်းပါတယ်..အားကိုးရတဲ့ သမီးလေးပေါ့..ကျွန်တော်တို့ ကို ပြန်ခွင့်ပြုပါဦးနော်''
……………………………………………………………………
''ကိုဂန္ဓမာ..လမ်းမတော်ဈေးဘက်ကို မောင်းဗျာ''
''ဟေ့ကောင်..ဘသိန်း..မင်း ဘာရှုပ်ဦးမလို့လဲ''
''ဟာ..ကိုကြီးဖိုးတုတ်ကလည်း အ ရန်ကော။ ဒီအချိန်ဆို ကိုယ်ကြီး မြာလေးက ပွဲရုံမှာတစ်ယောက်တည်းလေ။ သူ့ အဘိုးကြီးနဲ့ အဘွားကြီးက သူ့အိမ်မှာ ကျန်ခဲ့ပြီလေ။ ကဲ.ဒီအချိန်မျိုးက.ငါ့ကိုကြီး လှုပ်ရှားဖို့ အခွင့်ကောင်းပဲမဟုတ်လား''
''ဘသိန်း မင်းကတော့ကွာ…ဒါမျိုးဆို တယ်ရှုပ်တဲ့ကောင်''
ဂန္ဓမာသောင်းရီက ကားကို လမ်းမတော်ဈေးဘက်သို့ ဦးတည်လိုက်သည်။
အာလူးကြက်သွန်ပွဲရုံ ရှေ့ စားပွဲတွင် မသင်းမြ တစ်ယောက် ပေသီးတံ တစ်ချပ်ဖြင့် အလုပ်များနေသည်။
''မသင်းမြ''
''အောင်မယ်..သေချင်းဆိုးဘသိန်း..နင် ဘယ်က ဘယ်လို ရောက်လာတာလဲ''
''ဘယ်ကမှ မဟုတ်ဘူး..မရီးရေ..ဒီမှာ ငါ့အကို ကိုဖိုးတုတ်က နင့် အကြွေးစာရင်းတွေ ရှင်းပြီလားလို့ လာမေးတာတဲ့''
မသင်းမြ မျက်နှာ ခပ်တည်တည်ဖြစ်သွားသည်။
''နင် ငါ့ကို ဘယ်လို ခေါ်လိုက်တယ်..ဘသိန်း''
''မရီးလို့ ခေါ်တာလေ..မရီးရဲ့..ဟဲ..ဟဲ..ဟဲ''
''မသာကောင်၊ သူတောင်းစား..အင့်ဟာ''
မသင်းမြ က အနားတွင်ရှိသော အာလူးအိတ်ထဲမှ အာလူးဖြင့် ဘသိန်းကို ကောက်ပစ်လိုက်သည်။
ဘသိန်းက ငုံ့ရှောင်လိုက်ရာ အနောက်တွင် ရပ်နေသော ဖိုးတုတ်၏ မျက်နှာတည့်တည့်သို့ အာလူးသီးက သွားမှန်တော့သည်။
မသင်းမြ ပါးစပ် အဟောင်းသားဖြစ်သွားရသည်။
ပွဲရုံတန်းတစ်လျှောက်ရှိ လူအများ၏ မျက်လုံးကလည်း သူတို့ အဖြစ်အပျက်ဆီသို့ အာရုံစိုက်နေကြသည်။
ဖိုးတုတ်က စကားတခွန်းမှ မပြောပဲ မသင်းမြ ကို မီးတောက်မတက်လုံးများဖြင့် စိုက်ကြည့်နေ၏။
ထို့နောက် ချာကနဲ ပြန်လှည့်ထွက်သွားသည်။
ဘသိန်းလည်း အခြေအနေ မဟန်မှန်း သိသဖြင့် ဖိုးတုတ်နောက်မှ အပြေးလိုက်သွားသည်။
မသင်းမြ တစ်ယောက်သာ ရင်တွေ တုန်လျက် ကျန်ရစ်ခဲ့ရလေသည်။
သူသည် နာမည်ကျော်လူမိုက်ခေါင်းဆောင် လမ်းမတော်ဖိုးတုတ်၏ မျက်နှာကို အာလူးဖြင့် ပေါက်ခဲ့မိပြီရော။
Crd - ခက်ဇော်
အခန်း(၅) ဆက်ရန်
Comments
Post a Comment